ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီရဲ့ ဥရောပ ချန်ပီယံလိဂ်ပိုင်ရှင်ဖြစ်တဲ့ လီဗာပူးလ်အသင်းကတော့လက်ရှိဘောလုံးရာသီမှာတော့ စပိန်ကလပ် အက်သလက်တီကိုအသင်းကို နှစ်ကျော့ပေါင်း ရလဒ် လေးဂိုး နှစ်ဂိုးနဲ့ အရေးနိမ့်ကာ ၁၆သင်း ရှုံးထွက်အဆင့်ကနေပဲ လှည့်ပြန်သွားခဲ့ရပြီပဲ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ဒုတိယအကျော့ပွဲစဉ်အဖြစ် ယနေ့မနက်မှာ တီကို အသင်းကို အန်ဖီးလ်ကွင်းကြီးထဲမှာ ဧည့်ခံ ကစားခဲ့ပြီး ဦးဆောင်ဂိုးနှစ်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ဂိုးသမားဖြစ်သူ အက်ဒရီယန်ရဲ့ အမှားတွေကနေတဆင့် ချေပဂိုးတွေ ပြန်လည်ခွင့်ပြုပေးခဲ့ရပြီး သုံးဂိုး နှစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ရတာပါ။

Photo Credit: Marca.com

အန်ဖီးလ်ကွင်းမှာ ကစားခဲ့ရတဲ့ ပွဲစဉ်ဖြစ်တာနဲ့အညီ အဆိုပါပွဲစဉ်မှာ လီဗာပူးလ်အသင်းဟာ အက်သလက်တီကိုအသင်းကို တစ်ဖက်သတ် နီးပါး ဖိအားပေးကစားခဲ့ပြီး အက်သလက်တီကို အသင်းကတော့ အဝေးကွင်းမှာ ခံစစ်ကိုသာ အားပြုကစားခဲ့ရပါတယ်။ ပွဲချိန်အတွင်းမှာ လီဗာပူးလ်အသင်းက ဂိုးရရှိနိုင်တဲ့ အခွင့်အရေးတွေ များစွာ ရရှိခဲ့ပေမယ့် ဂိုးပေါက်နဲ့ ကပ်လွဲခဲ့တာတွေ ၊ ဂိုးဘားတန်းထိခဲ့တာတွေ ၊ အက်သလက်တီကို ဂိုးသမား အော့ဘလက်ရဲ့ လက်စွမ်းကောင်းတွေကြောင့် ဂိုးရသင့်သလောက် မရခဲ့ပဲ သာမန်ပွဲချိန် မိနစ်၉၀ပြည့်ချိန်မှာ ဝစ်နယ်ဒန်ရဲ့ တစ်လုံးတည်းသော ခေါင်းတိုက်ဂိုးနဲ့သာ အနိုင် ရရှိနေခဲ့တာကြောင့် အချိန်ပို မိနစ်၃၀ ဆက် ကစားခဲ့ရကာ အချိန်ပိုမှာတော့ အက်သလက်တီကိုအသင်းက တန်ပြန်တိုက်စစ်တွေနဲ့ ဂိုးသုံးဂိုး သွင်းယူခဲ့တာကြောင့် အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ရတာပဲ ဖြစ်ပါတယ်။

Photo Credit: Bleacher Report.com

အဆိုပါပွဲစဉ်ပြီးဆုံးချိန်မှာတော့ လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က စပိန်သားတွေရဲ့ ကစားပုံကို ဝေဖန်သွားခဲ့ပြီး အက်သလက်တီကိုရဲ့ အလွန်အကျွံခံစစ် ကစားပုံက ပွဲရဲ့ ရသကို ပျက်စီးစေတယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။ ကလော့ပ်က ” သူတို့ ကစားနေတဲ့ ဘောလုံးကစားပုံက ဘယ်လိုအရည်အသွေးမျိုးတွေ ပြသသလဲဆိုတာ ကျွန်တော် မစဉ်းစားတတ်ပါဘူး။ သူတို့ဟာ ဘောလုံးကို ဘောလုံးလို ကစားခဲ့သင့်ပေမယ့် အခုတော့ ခံစစ်ကို အလွန်အကျွံ ဆော့ခဲ့ပါတယ်။ ပြီးတော့ ကောင်တာတိုက်စစ် ကိုရောပေါ့။ ကျွန်တော်က အရှုံးသမားဆိုတာ ဝန်ခံပါတယ်။ အထူးသဖြင့် ကျွန်တော့်ရဲ့ ကလေးတွေက လေးယောက်တန်း နှစ်ထပ်ခံစစ် နဲ့ ကစားခဲ့တဲ့ ကမ္ဘာ့အဆင့်ကစားသမားတွေနဲ့ ရင်ဆိုင်တွေ့ချိန်မှာ အကောင်းဆုံးကြိုးစားပေးခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် ” လို့ ဝေဖန်သွားခဲ့တာပါ။