ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ရတာဟာ ကွင်းလယ်ဒိုင်ရဲ့ အမှားတွေကြောင့် ဖြစ်ကြောင်း ပွဲအပြီးမှာ ဆင်ခြေပေးသွားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၁၁) အဖြစ် ဝက်စ်ဟမ်းအသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့ရာ ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပြီး နောက်ဆုံး ပရီးမီးယားလိဂ် ၂ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးကာ အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာမှာ ရှိနေတဲ့ ချယ်လ်ဆီးအသင်းနဲ့ ရမှတ် ၄မှတ် အထိ ကွာဟသွားခဲ့ပါတယ်။

Photo Credit: Sky Sports

အဆိုပါပွဲစဉ်မှာ လီဗာပူးအသင်းက ဝက်စ်ဟမ်းအသင်းကို ခြေစွမ်းပိုင်းအရ သိသိသာသာ အသာစီး ရယူနိုင်ခဲ့ခြင်း မရှိပေမယ့် ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက် တချို့က အငြင်းပွားစရာ ဖြစ်ခဲ့ပြီး ဝက်စ်ဟမ်းအသင်းရဲ့ ဘယ်နောက်ခံလူ ခရက်စ်ဝဲလ်ရဲ့ ဥပဒေပ ဖျက်ထုတ်မှုကို လျစ်လျူရှုခဲ့တဲ့ ဖြစ်ရပ်အပေါ် ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ် ကတော့ ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မှာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေဟာ အတော်လေး မှားယွင်းခဲ့ကြောင်း ဝေဖန်လိုက်ပြီး ဝက်စ်ဟမ်းအသင်းရဲ့ အဖွင့်ဂိုးကို ခွင့်ပြုခဲ့တဲ့ အပေါ် နားမလည်နိုင်ဘူးလို့လည်း ဆိုသွားပါတယ်။

Photo Credit: Sky Sports

ကလော့ပ်က – “ဝက်စ်ဟမ်းရဲ့ အဖွင့်ဂိုးက အယ်လီဆန် အပေါ် သိသိသာသာကြီး ပြစ်ဒဏ်ကျူးလွန်ပြီးမှ ရခဲ့တယ်လို့ ထင်ပါတယ်။ အော့စ်ဘိုနာရဲ့ လက်မောင်းက အယ်လီဆန်ကို ကွယ်နေခဲ့ပါတယ်။ ဒါကို ကွင်းလယ်ဒိုင်က ဂိုးအဖြစ် ခွင့်ပြုခဲ့သလို VARကြောင့် ဂိုးအဖြစ် ခွင့်ပြုခဲ့တာပါလို့ လွယ်လွယ်ပဲ ဆင်ခြေပေးခဲ့ပါတယ်။ သူတို့ကတော့ ဒီဂိုးဟာ အငြင်းပွားစရာ မရှိတဲ့ ဂိုးလို့ ပြောကြပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့အမြင် မှာတော့ ဒါက လူကပ်တာ မဟုတ်ပါဘူး။ ဂိုးသမားရဲ့ အမြင်ပိုင်းကို ကွယ်နေတာပါ။ လူတွေက ရှုံးပွဲတွေ့လို့ ကျွန်တော် ဆင်ခြေပေးနေတယ်လို့ ထင်နေပါလိမ့်မယ်။ တကယ်တော့ အဲ့ဒီလို မဟုတ်ပါဘူး။ ကျွန်တော်က ရှုံးရတာကို မကြိုက်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေ ကစားပုံ မကောင်းခဲ့လို့ ရှုံးခဲ့တာပါ။ ဒါကို ကျွန်တော် လက်ခံတယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေက မှန်ကန်ခဲ့တယ်လို့တော့ မျက်လုံးစုံမှိတ်ပြီး မပြောချင်ပါဘူး။ သူ့ရဲ့ ဆုံးဖြတ်ချက်တွေ မှားယွင်းခဲ့ပါတယ်” လို့ ဝေဖန်သွားခဲ့တာပါ။