ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ် ကတော့ ကာရာဘောင်းဖလား (ခေါ်) EFL Cupရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ အိမ်ကွင်း ၊ အဝေးကွင်း နှစ်ကျော့စနစ်ကို အသုံးပြုတာက မကောင်းပဲ တကျော့ထဲသာ ယှဉ်ပြိုင် ကစားခိုင်းသင့်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကာရာဘောင်းဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ လက်စတာ စီးတီးအသင်းကို အနောက်ကနေ လိုက်ကစားခဲ့ရပေမယ့် ၃-၃ ဆိုတဲ့ ရလဒ်နဲ့ သရေကျပြီးနောက် ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာတော့ လူငယ် ဂိုးသမား ကယ်လာဟယ်ရဲ့ လက်စွမ်းနဲ့ အတူ အနိုင်ရရှိကာ ကာရာဘောင်းဖလားရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

Photo Credit: Metro

ကာရာဘောင်းဖလားရဲ့ ဆီမီးဖိုင်နယ်မှာတော့ လီဗာပူးအသင်းဟာ ဆန်းဒါးလန်အသင်းကို ဂိုးပြတ် အနိုင်ယူပြီး ဆီမီးဖိုင်နယ် အဆင့်ဆီ တက်ရောက်လာတဲ့ အာဆင်နယ်အသင်းနဲ့ ရင်ဆိုင် ကစားရဖို့ ရှိပါတယ်။

အကယ်၍ လီဗာပူးအသင်းအနေနဲ့ အာဆင်နယ်အသင်းကိုသာ ဆီမီးဖိုင်နယ်အဆင့်မှာ အနိုင်ရခဲ့ရင် ဗိုလ်လုပွဲမှာတော့ ချယ်လ်ဆီးအသင်း ဒါမှမဟုတ် စပါးအသင်းနဲ့ ရင်ဆိုင် ယှဉ်ပြိုင်ရမှာပါ။

Photo Credit: Metro

လက်စတာအသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်ပြီးတဲ့နောက် ကလော့ပ်က ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် အဆင့်မှာ အိမ်ကွင်း ၊ အဝေးကွင်း နှစ်ကျော့ ယှဉ်ပြိုင်ခိုင်းတဲ့ စနစ်က ကောင်းမွန်ခြင်း မရှိကြောင်းနဲ့ တပွဲထဲသာ ယှဉ်ပြိုင် ကစားခိုင်းရင် ပိုမို ကောင်းမွန်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ကလော့ပ်က – “ကျွန်တော်ကတော့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်အဆင့်မှာ တပွဲထဲ ကစားခိုင်းရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ သိထားသလိုပဲ ကျွန်တော်တို့ ပြောတဲ့ စကားတွေက အရေးမပါပါဘူး။ ဒါကြောင့် တာဝန်ရှိသူတွေက နှစ်ပွဲ ကစားရမယ်လို့ ပြောရင် ကျွန်တော်တို့က နှစ်ပွဲ ကစားရမှာပါပဲ။ တကယ်လို့ ဆီမီးဖိုင်နယ်အဆင့်မှာ တပွဲထဲသာ ကစားခိုင်းမယ် ဆိုရင် ဒါက အသင်းတွေ အတွက် အတော်လေးကို အထောက်အကူ ဖြစ်မယ် ဆိုတာက အမှန်တရားပါ” လို့ ပြောသွားခဲ့တာပါ။