ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ဖူလ်ဟမ်နဲ့ တဖက် ၂ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပြီးနောက် ဖူလ်ဟမ်က သူတို့ရဲ့ ကွင်းမြက်ခင်းကို ခြောက်အောင် လုပ်ပြီး သူတို့အသင်းကို ကစားရခက်အောင် လုပ်ခဲ့တယ်လို့ ပွဲအပြီးမှာ စွပ်စွဲသွားခဲ့ပါတယ်။

ဖူလ်ဟမ်နဲ့ လီဗာပူးတို့က ပရီးမီးယားလိဂ် ပွဲစဉ်(၁) အဖြစ် ဖူလ်ဟမ်ရဲ့ အိမ်ကွင်းဖြစ်တဲ့ ကရာဗန် ကော့တေ့ချ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ ဖူလ်ဟမ်ဘက်က ပွဲကို ၂ကြိမ်တိုင်တိုင် ဦးဆောင် ကစားနိုင်ခဲ့ပေမယ့် လီဗာပူးက သူတို့ရဲ့ ဆာလာ ၊ နူနက်ဇ် တိုက်စစ်အတွဲကြောင့် လိုအပ်နေတဲ့ ချေပဂိုးတွေကို သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: Fot Mob

အဆိုပါပွဲစဉ်မှာ တန်းတက် ဖူလ်ဟမ်က လီဗာပူးကို ပွဲစပွဲဆုံး ဖိအားပေး ကစားနိုင်ခဲ့ပြီး ဖူလ်ဟမ်ရဲ့ အတင်းဝင် ၊ အတင်းဖျက် ကစားကွက်ကြောင့် လီဗာပူးအနေနဲ့ ကစားကွက် ပုံဖော်နိုင်ဖို့ ခက်ခဲခဲ့ကာ တိုက်စစ်မှူးသစ် နူနက်ဇ် ရောက်ရှိလာပြီးမှသာ အဝေးဘောတွေနဲ့အတူ ချေပဂိုးတွေ ပြန်လည် သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဖူလ်ဟမ်အတွက် သွင်းဂိုး ၂ဂိုးစလုံးကို အဓိက တိုက်စစ်မှူး မီထရိုဗစ် တဦးထဲက သွင်းယူပေးခဲ့ကြပြီး လီဗာပူးအတွက် ချေပဂိုး ၂ဂိုးကိုတော့ တိုက်စစ်မှူးတွေ ဖြစ်တဲ့ ဆာလာနဲ့ နူနက်ဇ်တို့က သွင်းယူပေးခဲ့ကာ ပွဲပြီးဆုံးချိန်မှာ လီဗာပူးရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ်က ဖူလ်ဟမ်ဟာ သူတို့ကွင်းရဲ့ မြက်ခင်းကို တမင်တကာ ခြောက်အောင် လုပ်ထားရင်း သူတို့အသင်းကို ကစားရခက်အောင် လုပ်ခဲ့ကြောင်း စွပ်စွဲ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Fot Mob

ကလော့ပ်က – “ကျွန်တော်တို့အတွက် ဒီနေ့ပွဲမှာ အကောင်းဆုံး အရာက သရေရလဒ်ပါပဲ။ ကျွန်တော်တို့က ကစားပုံ အတော်လေး ဆိုးရွားခဲ့တဲ့ ပွဲကနေ ရမှတ် ၁မှတ် ရယူနိုင်ခဲ့တာပါ။ အခုက ကျွန်တော်တို့တွေရဲ့ ခြေစွမ်းဟာ ဘာကြောင့် ဒီလောက် ဆိုးရွားခဲ့သလဲ ဆိုတာကို အဖြေရှာရတော့မယ့် အချိန်ပါ။ ကျွန်တော်တို့ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းက ပွဲနဲ့ သင့်တော်တဲ့ စိတ်ဓာတ်မျိုး မဟုတ်ခဲ့ပါဘူး။ ကျွန်တော်တို့တွေက ဦးဆောင်ဂိုးတွေ ခွင့်ပြုပေးခဲ့ရပြီးတဲ့နောက် ချေပဂိုးတွေ ပြန်လည် သွင်းယူနိုင်ခဲ့ပေမယ့် လွယ်လွယ်ကူကူ ရခဲ့တာတော့ မဟုတ်ပါဘူး။ ဒီနေ့ ကွင်းရဲ့ မြက်ခင်းပြင်က ခြောက်လွန်းနေပါတယ်။ ဖူလ်ဟမ်က သူတို့ရဲ့ အကွက်ထဲကို ကျွန်တော်တို့ ဝင်လာအောင် လုပ်သွားခဲ့တာပါ” ဆိုပြီး စွပ်စွဲ ဝေဖန်သွားခဲ့တာပါ။