မကြာသေးခင်က အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အအောင်မြင်ဆုံး အသင်းကြီး တစ်သင်း ဖြစ်လာခဲ့တဲ့ လီဗာပူး အသင်းရဲ့ နည်းပြ ဖြစ်သူ ဂျာဂျန် ကလော့ပ် ဟာ ညာခြမ်း ခံစစ်ကစားသမား အလက်ဇန်းဒါး အာနိုးလ်ကို ပုံမှန် ဂျော်ဒန် ဟန်ဒါဆန် အနားယူပြီးတဲ့နောက်မှာ လီဗာပူး အသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်လာဖို့ အတွက်ကို မျှော်လင့်နေပါတယ်။ လီဗာပူး အကယ်ဒမီထွက် ကစားသမား တစ်ဦး ဖြစ်တဲ့ အလက်ဇန်းဒါး အားနိုးလ် ဟာ မစ်ဂျေးလန်း နဲ့ သရေရလဒ် ထွက်ပေါ်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပုံမှန်အသင်းခေါင်းဆောင် ဖြစ်တဲ့ ဂျော်ဒန် ဟန်ဒါဆန် မပါဝင်တာကြောင့် အာနိုးလ် အနေနဲ့ ပထမဦးဆုံး အကြိမ်အဖြစ် လီဗာပူး အသင်းရဲ့ အသင်းခေါင်းဆောင် လက်ပတ်ကို ပတ်ခွင့် ရရှိခဲ့ပါတယ်။ ထို ပွဲစဉ်ဟာ အာနိုးလ် အတွက်တော့ မှတ်တိုင် အသစ် တစ်ခုကို စိုက်ထူနိုင်ခဲ့တဲ့ ပွဲစဉ်လို့ ဆိုရပါမယ်။

Photo Credit: 90mins

အလက်ဇန်းဒါး အာနိုးလ် ဟာ အသက် ၆ နှစ် အရွယ်ကတည်းက လီဗာပူး အသင်းမှာ ကစားခဲ့တာ ဖြစ်ပြီးတော့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ကိုလည်း ၂၀၁၆ ခုနှစ်မှာ လီဗာပူး အသင်းနဲ့ ပဲ စတင်ခဲ့သူဖြစ်ပါတယ်။ အာနိုးလ် ဟာ လီ‌ဗာပူး အသင်းအတွက် ပရီးမီးယားလိဂ် ပွဲပေါင်း ၁၀၂ ပွဲပါဝင် ကစားပေးထားခဲ့ပြီးတော့ ၆ ဂိုးသွင်းယူကာ အခွင့်အရေး ၁၇၄ ကြိမ်ကနေ ၂၇ ကြိမ်အထိ ဂိုးဖန်တီးမှု ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ အလက်ဇန်းဒါး အာနိုးလ် ရဲ့ ခြေစွမ်းတွေဟာ အထင်ကြီးစရာကောင်းပြီးတော့ အန်ဒီ ရော်ဘတ်ဆန် ပြီးရင် ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ အသင်းဖော်တွေ အတွက် အခွင့်အရေးအများဆုံး ဖန်တီးပေးထားနိုင်တဲ့ ခံစစ်ကစားသမား တစ်ဦး အဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ အန်ဒီ ရော်ဘတ်ဆန် ကတော့ ၃၃ ကြိမ်နဲ့ အများဆုံး ဖန်တီးပေးထားနိုင်တဲ့ ခံစစ်ကစားသမား ဖြစ်ပါတယ်။ လီဗာပူး နည်းပြ ကလော့ပ် ကတော့ အလက်ဇန်းဒါး အာနိုးလ် အပေါ်မှာ မျှော်လင့်ထားပြီးတော့ အနာဂါတ်မှာ အသင်းရဲ့ အသင်းခေါင်းဆောင် တစ်ဦးဖြစ်လာလိမ့်မယ်လို့ အခုလိုပဲ ချီးကျုး ပြောဆိုလိုက်ပါတယ်။

Photo Credit: 90mins

“ ဂျာမန်လူမျိုးတွေနဲ့ အင်္ဂလိပ် လူမျိုးတွေက တော်တော်လေး တူညီကြတယ်ဗျ။ မတူညီတာဆိုလို့ ကျွန်တော်တို့မှာ အနည်းငယ်ပဲ ရှိတယ်။ ဒါပေမယ့် ခင်ဗျား အနေနဲ့ အသင်းခေါင်းဆောင်ကို ဒီနိုင်ငံမှာ မြင်တဲ့ အမြင်နဲ့ ဂျာမနီ နိုင်ငံက လူတွေမြင်တဲ့ အမြင်နဲ့ကကျ လုံးဝကို မတူညီဘူး။ ကျွန်တော် အဲ့ဒါကို နားလည်အောင် ကြိုးစားခဲ့ရတယ်။ လက်ပတ် ပတ်ပြီး အသင်းခေါင်းဆောင် လုပ်ရတာက အရေးမကြီးပါဘူး။ တစ်သင်းလုံးအပေါ်မှာ ဘယ်လိုပြုမူလဲဆိုတာကပဲ ပိုပြီး အရေးပါတယ်လို့ မြင်ပါတယ်။ အာနိုးလ် က အနာဂါတ်မှာ အဲ့ဒီလိုမျိုး ဖြစ်လာမယ့် ကစားသမား တစ်ဦးပါ။ အသင်းမှာရှိကြတဲ့ လူငယ်ကစားသမားတွေ အနေနဲ့လည်း သူ့လိုပဲ ဖြစ်လာမယ်ဆိုတာ ၁၀၀ ရာခိုင်နှုန်းသေချာပါတယ်။ သူ အသင်းခေါင်းဆောင်အဖြစ် လုပ်ဖို့ အရင်တည်းက ပြင်ဆင်ထားတာပါ။ အသင်းရဲ့ အနာဂါတ်မှာလည်း အရေးပါတဲ့ ကစသမားတစ်ဦးဖြစ်မှာ သေချာပါတယ်။ တစ်ခြားသူတွေကိုလည်း အဲ့ဒီလို ဖြစ်လာဖို့တော့ မျှော်လင့်ရတာပါပဲ။ အသင်းခေါင်းဆောင်နေရာဆိုတာ သူ့အတွက် ဘယ်လောက်အရေးပါမှန်း ကျွန်တော် သိလိုက်ရတော့ အတော်လေး ပျော်မိပါတယ်။ ကျွန်တော် ဆုံးဖြတ်ချက် ချခဲ့တယ်။ သူ အသင်းမှာ ရှိခဲ့တဲ့ အချိန်တွေကြောင့် အဲ့ဒီ ဆုံးဖြတ်ချက်က ယုတ္တိရှိခဲ့ပါတယ် ” လို့ ချီးကျုး ပြောဆိုသွားပါတယ်။