ယနေ့မနက်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၁၆သင်းအဆင့် ရှုံးထွက်ပွဲစဉ် ပထမအကျော့အဖြစ် ကစားခဲ့ကြတဲ့ စပိန် ထိပ်သီးကလပ် အက်သလက်တီကိုမက်ဒရစ်နဲ့ လက်ရှိရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အသင်းဖြစ်တဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပွဲမှာတော့ အိမ်ရှင် အက်သလက်တီကိုဟာ ကွင်းလယ် ကစားသမား ဆာအူလ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Mirror.com

အက်သလက်တီကိုအသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ အဆိုပါပွဲစဉ်မှာ တီကိုအသင်းဟာ ဧည့်သည် လီဗာပူးလ်အသင်းဘက်ကို ပွဲအစမှာကတည်းက ဖိအားပေးကစားခဲ့ပြီး အနိုင်ဂိုးကိုလဲ ပွဲကစားချိန် ၇မိနစ်မှာ ကွင်းလယ်လူ ဆာအူလ်က သွင်းယူပေးခဲ့တာပါ။ လီဗာပူးလ်အသင်းကတော့ ဒုတိယပိုင်းမှာ ချေပဂိုး ပြန်လည်ရရှိဖို့ ကြိုးစားခဲ့ပေမယ့် တီကိုအသင်းရဲ့ ခံစစ်ကိုတော့ ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ပါဘူး။

Photo Credit: Mirror.com

ဒါ့အပြင် အဆိုပါပွဲစဉ်မှာ လီဗာပူးလ်အသင်းဟာ ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်ကိုမှ မပြုလုပ်နိုင်ခဲ့ပဲ ဒါဟာ ဒီရာသီမှာ လီဗာပူးလ်ရဲ့ အဆိုးဝါးဆုံး ခြေစွမ်းတစ်ခုဖြစ်ကြောင်းလည်း သိရပါတယ်။ လီဗာပူးလ်အသင်းနည်းပြ ဂျာဂင် ကလော့ပ်ကတော့ အက်သလက်တီကိုကို ရှုံးခဲ့တာကို စိတ်ပူပန်ခြင်းမရှိပဲ ဒုတိယအကျော့ ကျန်သေးတယ်လို့ ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Mirror.com

ကလော့ပ်က ” အခုက ပထမအကျော့မှာ ၁-၀ ဆိုတဲ့ရလဒ်ပဲ ရှိသေးတာပါ​။ ဒုတိယ အကျော့ကတော့ ကျွန်တော်တို့ရဲ့ အိမ်ကွင်းမှာ ကစားရမှာပါ။ အန်ဖီးလ်ကနေ ကြိုဆိုပါတယ်။ ပွဲက အခုထိ မပြီးသေးပါဘူး ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။