လီဗာပူးလ်အသင်းရဲ့နည်းပြ ယာဂန်ကလော့ကတော့ မနေ့ညက သူရဲ့အသင်းအနေနဲ့ ဂျာမန်ဘွန်ဒစ်လီဂါကလပ် လိုက်ပ်ဇစ်အသင်းနဲ့ ဥရောပချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှုံးထွက်ပထမအကျော့ပွဲအဖြစ် ဟန်ဂေရီနိုင်ငံမှာ ကြားကွင်းအဖြစ် သွားရောက်ကစားခဲ့ရာ မိုဟာမက်ဆာလာ ဆာဒီယိုမာနေးတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ (၂)ဂိုး ဂိုးမရှိနဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပြီး Clean Sheet ပါ ရယူနိုင်ခဲ့တာကြောင့် အသင်းရဲ့ဂိုးသမား အယ်လီဆန်လည်း အခုညမှာ ကောင်းကောင်းအိပ်စက်နိုင်ပြီလို့ မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။

Photo Credit : Twitter

အသက်(၂၈)နှစ်အရွှယ်ရှိ ဘရာဇီးလက်ရွေးစင်ဂိုးသမား အယ်လီဆန်ဘတ်ကာဟာ လက်ရှိကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပေမယ့် ဒီနောက်ပိုင်းပွဲစဉ်တွေမှာတော့ အမှားအယွင်းတွေများလာခဲ့ရပြီး မန်စီးတီးအသင်းကို အရေးနိမ့်ခဲ့ရတဲ့ ပွဲစဉ်မှာလည်း တစ်ပွဲတည်းမှာကို အမှား(၂)ကြိမ်အထိကို ကျူးလွန်မိခဲ့ပါတယ်။ ဒါ့အပြင် အယ်လီဆန်ဟာ အသင်းဖော်တစ်ဦးဖြစ်တဲ့ လီဗာပူးလ်ဘယ်နောက်ခံလူ ရောဘတ်ဆန်နဲ့လည်း ဆက်ဆံရေး မပြေလည်မှုတွေ ရှိနေခဲ့တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့ရပါတယ်။

Photo Credit : Goal

ဒီလိုအခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ အယ်လီဆန်ဟာ မနေ့ညက ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ သူရဲ့လီဗာပူးလ်အသင်း ပေးဂိုးမဲ့ နိုင်ပွဲတစ်ပွဲကို ပိုင်ဆိုင်နိုင်ဖို့အတွက်် ကစားပေးနိုင်ခဲ့ပြီး လီဗာပူးလ်နည်းပြကလော့ကလည်း ဒီနိုင်ပွဲက အယ်လီဆန်အတွက် ဖိအားတွေ သက်သာသွားစေနိုင်လိမ့်မယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ ကလော့က “အယ်လီဆန်အနေနဲ့ အင်္ဂလန်အပြန် ခရီးစဉ်အတွင်း လေယာဉ်ပေါ်မှာ ကောင်းကောင်းကြီးကို အိမ်မောကျနိုင်ပါလိမ့်မယ်။ သူက ဒီနေ့ပွဲမှာ အသင်းအတွက် အကောင်းဆုံးကူညီပေးနိုင်ခဲ့တယ်။ အမြဲတမ်းလိုလိုလည်း သူက ကျွန်တော်တို့အသင်းအတွက် အကူအညီတွေများစွာ ပေးနေတဲ့သူပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ မနေ့ညက ပွဲစဉ်အတွင်းမှာ ပြီးခဲ့တဲ့ဆောင်းစျေးကွက်ကမှ ရှော်ကေးအသင်းကနေ လီဗာပူးလ်အသင်းဆီကို ရောက်ရှိလာခဲ့တဲ့ တူရကီနောက်ခံကစားသမား အိုဇန်ကာဘက်လည်း ခြေစွမ်းပြသသွားနိုင်ခဲ့ပါတယ်။ ကာဘက်ဟာ လက်စတာအသင်းကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် စတင်ပါဝင်ခဲ့တာဖြစ်ပြီး အမှားတစ်ကြိမ် ကျူးလွန်မိခဲ့ရာကနေ လက်စတာဘက်ကို သွင်းဂိုးတစ်ဂိုး ခွင့်ပြုခဲ့ရပါတယ်။