ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြဖြစ်သူ ယာဂင် ကလော့ပ်ကတော့ ယခုတပတ်မှာ ကစားရမယ့် အာဆင်နယ်နဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အာဆင်နယ်ဟာ ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း မရှိတဲ့ အသင်း ဖြစ်တာကြောင့် အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ဂျေဇူးကို ခေါ်ယူနိုင်ခဲ့တာပါလို့ ပြောကြားရင်း စကားနာ ထိုးသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး ဂါဘရီရယ် ဂျေဇူးက ယခုနှစ် ဘောလုံးရာသီ အစကမှ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီး ကနေ အာဆင်နယ်ထံ ပြောင်းရွှေ့ကြေး ယူရို ၅၂သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းထံ စတင် ရောက်ရှိချိန်မှာပဲ အသင်းနဲ့ လျင်လျင်မြန်မြန် အသားကျခဲ့ကာ ယခုနှစ် ဘောလုံးရာသီမှာ အာဆင်နယ် အတွက် ပြိုင်ပွဲစုံ ၁၀ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၅ဂိုး သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: ABC News

ဂျေဇူးဟာ တိုးအား ရုန်းအား ကောင်းတဲ့ တိုက်စစ်မှူး ဖြစ်သလို အသင်းဖော်တွေနဲ့လည်း ချိတ်ဆက် ကစားနိုင်စွမ်း ရှိတာကြောင့် အာဆင်နယ်ဟာ ဂျေဇူး ရောက်လာပြီးနောက် တောက်လျှောက်ဆိုသလို ရလဒ်ကောင်းတွေ ရရှိနေပြီး အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာကိုပါ သိမ်းပိုက်ထားနိုင်ပါတယ်။

ဒါကြောင့်ပဲ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက မန်ချက်စတာ စီးတီးအနေနဲ့ ဂျေဇူးကို ရောင်းချလိုက်တာဟာ အမှားကြီး တခု ဖြစ်ပြီး အာဆင်နယ်က ဂျေဇူးကို ရလိုက်တာဟာ ထီဆုကြီး ပေါက်သလိုပဲလို့ သုံးသပ်နေကြကာ လီဗာပူးရဲ့ နည်းပြဖြစ်သူ ကလော့ပ်ကတော့ မန်ချက်စတာ စီးတီးဟာ အာဆင်နယ်ကို သူတို့ရဲ့ ပြိုင်ဘက်လို့ မသတ်မှတ်တာကြောင့်သာ အခုလို ဂျေဇူးကို ရောင်းချခဲ့တာလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: ABC News

ကလော့ပ်က – “ကျွန်တော်က ဂါဘရီရယ်ကို လူချင်းတော့ မသိပါဘူး။ ဒါပေမယ့် ကျွန်တော်က သူ့ကို ကစားသမား တဦးအနေနဲ့ အတော်လေးကို သဘောကျပါတယ်။ ကျွန်တော် သိတဲ့ အရာတခုတော့ ရှိပါတယ်။ အဲ့ဒါက မန်ချက်စတာ စီးတီးဟာ ဂျေဇူးလို ကစားသမားမျိုးကို အသင်းတိုင်းဆီ ရောင်းမှာ မဟုတ်ဘူး ဆိုတာပါပဲ။ မန်ချက်စတာ စီးတီးက အာဆင်နယ်နဲ့ သူတို့ရဲ့ ကြားမှာ ကြီးမားတဲ့ ကွာခြားချက်တွေ ရှိတာကို (ချန်ပီယံလုဘက် မဖြစ်နိုင်တာကို) သိလို့ ဂျေဇူးကို အာဆင်နယ်ဆီ ရောင်းလိုက်တာပါ” လို့ ပြောကြားသွားခဲ့တာပါ။