ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ် ကတော့ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် အနေနဲ့ ပေါင် ၃၂၀ ဘီလီယံ အထိ ကြွယ်ဝ ချမ်းသာတဲ့ ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းက နယူးကာဆယ်အသင်းကို ဝယ်ယူမှုအား တားဆီးဖို့ ပျက်ကွက်ခဲ့တဲ့ အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

ဆော်ဒီ တော်ဝင်မိသားစုရဲ့ ကျောထောက်နောက်ခံပေးမှုကို ရရှိထားတဲ့ ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းဟာ နယူးကာဆယ်အသင်းကို ဝယ်ယူပြီးနောက် ၂၄နာရီ မပြည့်ခင်မှာပဲ သူတို့ဟာ နယူးကာဆယ်အသင်းကို ဆယ်စုနှစ် တခု အတွင်း ထိပ်တန်းအသင်း တသင်း ဖြစ်လာအောင် တည်ဆောက်မယ် ဆိုပြီး ကြွေးကြော်ထားပါတယ်။

Photo Credit: Bild

ဒါကြောင့်လည်း ကျန်ပရီးမီးယားလိဂ်အသင်းတွေက နယူးကာဆယ်အသင်း အနေနဲ့ သူတို့ရဲ့ ဓနအင်အားကို အသုံးချကာ အပြောင်းအရွှေ့ ဈေးကွက် အတွင်း ဝင်ရောက် လှုပ်ရှားမှာကို စိုးရိမ်နေကြပြီး ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းရဲ့ ငွေကြေးသုံးစွဲမှုကို အနီးကပ် စောင့်ကြည့်ဖို့ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်ထံ တိုက်တွန်းထားကြပါတယ်။

ဘဏ္ဍာရေး အကြပ်အတည်းကြောင့် ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား တဦးထဲသာ ခေါ်ယူနိုင်ခဲ့တဲ့ လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ကလော့ပ် ကတော့ ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းအနေနဲ့ သူတို့ရဲ့ ဓနအင်အားကို အသုံးချပြီး နယူးကာဆယ်အသင်းကို ထိပ်တန်းအသင်း တသင်း ဖြစ်လာအောင် ကြိုးစားမယ့် စီမံကိန်းကို လုံးဝ လက်မခံနိုင်ကြောင်း ဝက်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Bild

ကလော့ပ်က – “ ပြီးခဲ့တဲ့ လအနည်းငယ်က ကျွန်တော်တို့ဟာ ဥရောပ ထိပ်တန်းအသင်းကြီး ၁၂သင်းရဲ့ စူပါလိဂ်ကျင်းပမယ့် ကိစ္စနဲ့ ပတ်သတ်ပြီး ပြဿနာတွေ ကြုံခဲ့ရတယ်။ အခုတော့ စူပါလိဂ်က မဖြစ်လာပါဘူး။ ဒါပေမယ့် ဒီကိစ္စက စူပါအသင်း တသင်းကို တည်ဆောက်ဖို့ ရည်ရွယ်နေတာပါ။ လာမယ့်နှစ်အနည်းငယ် အတွင်း သူတို့က ချန်ပီယံလိဂ်ရဖို့ သေချာတဲ့ အနေအထားကို ရောက်နိုင်ပါတယ်။ အဲ့ဒီအချိန်ကျရင် FFP စည်းမျဉ်းက သူတို့ကို တားဆီးနိုင်မလား ဆိုတာလည်း မသေချာပါဘူး။ သေချာတာက ဒီကိစ္စဟာ နယူးကာဆယ် ပရိသတ်တွေ အတွက် ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အတွက် မကောင်းပါဘူး။ နယူးကာဆယ်က ထိပ်တန်း အသင်းတသင်း ဖြစ်လာတော့မှာပါ။ ကျွန်တော်တို့ ဒါကို ရှောင်လွှဲလို့ မရပါဘူး” လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာပါ။