ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ် ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လက်စတာအသင်းကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာဟာ ထိုက်တန်တဲ့ ရလဒ်တခု ဖြစ်ကြောင်း ပွဲအပြီးမှာ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီး ၊ ဥရောပ ချန်ပီယံ ချယ်လ်ဆီးအသင်းတို့နဲ့ အပြိုင် ကြိုးစားနေတဲ့ အသင်းတသင်း ဖြစ်ပြီး လက်စတာအသင်းကို အဝေးကွင်းမှာ မထင်မှတ်ပဲ အရေးနိမ့်ခဲ့တာက သူတို့အသင်းအတွက် အတော်လေးကို ကြီးမားတဲ့ ဆုံးရှုံးမှုပဲ ဖြစ်ပါတယ်။

Photo Credit: Standard

လက်စတာအသင်းရဲ့ အိမ်ကွင်း ကင်းပါဝါမှာ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ ပွဲစဉ်မှာ လီဗာပူးအသင်းဟာ လက်စတာအသင်းကို ပွဲစပွဲဆုံး ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် ကစားပုံ လျော့ရဲမှု ၊ ရရှိခဲ့တဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်မှု ၊ အဓိက တိုက်စစ်မှူး ဆာလာရဲ့ ပင်နယ်တီ လွဲချော်မှုတို့ကြောင့် သွင်းဂိုးတွေ ရှာဖွေနိုင်ခဲ့ခြင်း မရှိပဲ တိုင်လီမန်းရဲ့ တလုံးထဲသော သွင်းဂိုးနဲ့ အတူ လက်စတာအသင်းကို ဒူးထောက် အရှုံးပေးခဲ့ရပါတယ်။

အဆိုပါရှုံးပွဲကြောင့် လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်၁၉ အပြီးမှာပဲ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာက မန်ချက်စတာ စီးတီးအသင်းနဲ့ ၆မှတ် အထိ ကွာဟသွားခဲ့ပြီး ချန်ပီယံဆုကို ဆက်လက် စိန်ခေါ်ချင်သေးရင်တော့ လာမယ့် ပွဲစဉ်တွေမှာ မဖြစ်မနေ ရလဒ်ကောင်းတွေ ရရှိအောင် လုပ်ဆောင်ဖို့ လိုအပ်နေပါပြီ။

Photo Credit: Standard

လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ် ကတော့ လက်စတာ စီးတီးအသင်းနဲ့ ပွဲစဉ်မှာ သူ့အသင်းသားတွေရဲ့ ကြိုးစား အားထုတ်မှုကို အားမလို အားမရ ဖြစ်နေပြီး လက်စတာအသင်းက သူတို့အသင်းထက် ပိုမို ကြိုးစားခဲ့တာကြောင့် အနိုင်ရလဒ်နဲ့ ထိုက်တန်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ကလော့ပ်က – “လက်စတာအသင်းက ဒီနိုင်ပွဲနဲ့ ထိုက်တန်မှု ရှိပါတယ်။ ဒီပွဲက အတော်လေးကို ထူးဆန်းတဲ့ ပွဲတပွဲပါ။ ဒီပွဲမှာ ကျွန်တော်တို့တွေ ဂိုးသွင်းခွင့် အမြောက်အမြား ရခဲ့ပေမယ့် ကျွန်တော်တို့ရဲ့ ကစားပုံက မကောင်းခဲ့ပါဘူး။ ကျွန်တော်တို့တွေ ဘောလုံးရတဲ့ အခါတိုင်း အမှားအယွင်းတွေ ပြုလုပ်မိခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ပွဲမှာ ကျွန်တော်တို့ရဲ့ ခြေစွမ်းက အတော်လေးကို ဆိုးရွားခဲ့တယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့အသင်းက ဒီပွဲမှာ အရှုံးရလဒ်နဲ့ ထိုက်တန်တဲ့ အသင်းပါ” လို့ ဝန်ခံစကား ပြောကြားသွားခဲ့တာပါ။