MySport Myanmar

ဆိုးရွှားတဲ့ ကစားပုံနဲ့ ရှုံးနိမ့်ဖို့ ထိုက်တန်ခဲ့တဲ့ပွဲလို့ ယာဂန် ကလော့ပ် ဝန်ခံ

ဒီနေ့မနက်အစောပိုင်း အန်ဖီးလ်ကွင်းမှာ ကစားသွားခဲ့တဲ့ အိမ်ရှင် လီဗာပူးလ်နဲ့ အတ္တလန်တာအသင်းတို့ရဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ လီဗာပူးလ်ဟာ စိတ်ပျက်စရာ ကစားပုံတွေနဲ့ အတ္တလန်တာကို (0-3) ဆိုတဲ့ ရလဒ်ဆိုးကြီးမျိုးနဲ့ အရှုံးပေးသွားခဲ့ရပါတယ်။

တကယ်ဆိုရင် လီဗာပူးလ် နည်းပြကြီး ယာဂန် ကလော့ပ်က လီဗာပူးလ်အတွက် မရယူပေးနိုင်တဲ့ ဆုဖလားဆိုလို့ ယူရိုပါလိဂ်ဖလားသာ ကျန်ရှိနေတော့တာဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင် ကလော့ပ်ရဲ့ နောက်ဆုံးရာသီမှာပဲ ယူရိုပါလိဂ်ရဲ့ ကွာတားဖိုင်နယ်ထိ ရောက်ရှိနေခဲ့ရပါတယ်။

Photo Credit : The Athletic

ကွာတားမှာလည်း အတ္တလန်တာလို စီးရီးအေထဲမှာတောင် ရလဒ်ကောင်းမနေတဲ့ အတ္တလန်တာနဲ့ ဆုံနေရလို့ ရလဒ်ကောင်းမယ်လို့ အလွယ်တတူ တွက်ဆခဲ့ပေမယ့်လည်း အခုတော့ အိမ်ကွင်း အန်ဖီးလ်မှာပဲ (၃)ဂိုးပြတ်နဲ့ မရှုမလှ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရပြီး ဒုကျော့မှာ ပြန်လာဖို့တောင် အခြေအနေ တအားနည်းသွားခဲ့ရပါတယ်။

ဒီပွဲနဲ့ ပတ်သက်ပြီး နည်းပြကြီး ကလော့ပ်က “ဒီနေ့ပွဲက တကယ်ကို ဆိုးရွှားပြီး စိတ်ပျက်စရာကောင်းတဲ့ပွဲပါပဲ။ ကျွန်တော် ပွဲအစတုန်းကတော့ ကောင်းကောင်း ကစားနိုင်ခဲ့ပေမယ့် အဲ့ဒီအတိုင်း ဆက်မကစားနိုင်ခဲ့ဘူး။ အမှားအယွင်းတွေလည်း ရှိခဲ့ရတယ်။ ကျွန်တော် အတ္တလန်တာအသင်းကိုတော့ ဂုဏ်ပြုကြောင်း ပြောချင်ပါတယ်။”

Photo Credit : Liverpool FC

“ကျွန်တော်တို့က နေရာအစုံမှာ ပျက်ယွင်းသွားခဲ့တာ။ ပြောရမယ်ဆိုရင် ဘယ်နေရာမှမှ ကောင်းတဲ့အကွက်ကို ရှာမရနိုင်လောက်အောင်ကို ဖြစ်ခဲ့ရတာပါ။ ကျွန်တော်တို့က အတော်လေး ဆိုးရွှားတဲ့ ပုံစံနဲ့ ကစားခဲ့တာမို့ ဒီရှုံးပွဲနဲ့လည်း ထိုက်တန်ခဲ့ရတယ်။”

“ဒီအချိန်မှာတော့ ကစားသမားတွေလည်း ဒီပွဲအကြောင်းကို တွေးချင်နေတော့မှာ မဟုတ်ပါဘူး။ နောက်ပြီး ဒုတိယအကျော့ပွဲ မတိုင်ခင်မှာလည်း ကျွန်တော်တို့က ခရစ္စတယ် ပဲလေ့စ်နဲ့ ကစားရပါဦးမယ်။ အဲ့ဒီပွဲကိုပဲ ပိုပြီး အာရုံစိုက်ထားချင်ပါတယ်။ အီတလီမှာ ပြန်ကစားရမယ့်ပွဲမှာတော့ အကောင်းဆုံး ကစားနိုင်မယ်ဆိုရင်တော့ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အခွင့်အရေးတော့ နည်းပါးပါတယ်။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Exit mobile version