ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ်ကတော့ သူတို့အသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ကွင်းလယ်လူ တဦးကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အဆိုပါ ကွင်းလယ်လူက အခြားအသင်း တသင်းဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

လက်ရှိ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်း နှစ်သင်းထဲက တသင်း အဖြစ် သတ်မှတ်ခံထားရတဲ့ လီဗာပူးက ယခုနှစ် ဘောလုံးရာသီမှာ သူတို့အသင်းရဲ့ ပုံမှန် စွမ်းဆောင်ရည်ကို ရရှိဖို့ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၄ပွဲ ကစားထားရာ ၁ပွဲနိုင် ၊ ၂ပွဲသရေ ၊ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။

Photo Credit: Mirror

လီဗာပူးရဲ့ စွမ်းဆောင်ရည် ကျဆင်းနေမှု နောက်ကွယ်မှာ ကွင်းလယ်ပိုင်း အားနည်းချက်က အဓိကနေရာ ကနေ ပါဝင်နေပြီး လီဗာပူးဟာ ဟန်ဒါဆန် ၊ သီယာဂို ၊ ချိန်ဘာလိန် ၊ နာဘီကီတာ ၊ မီလ်နာ ၊ ကာဗယ်လ်ဟို ၊ ဖာဘင်ဟို စတဲ့ ကွင်းလယ်လူတွေကို ပိုင်ဆိုင်ထားပေမယ့် ဟန်ဒါဆန်နဲ့ မီလ်နာတို့က အသက်အရွယ်အရ အကျပိုင်းကို ရောက်လာသလို ချိန်ဘာလိန်နဲ့ နာဘီကီတာတို့ဟာ အသင်းကနေ ထွက်ခွာဖို့သာ စိုင်းပြင်းနေတာကြောင့် အမာခံ ကစားသမားတွေ အဖြစ် သီယာဂို ၊ ဖာဘင်ဟိုနဲ့ ကာဗယ်လ်ဟိုတို့သာ ကျန်တော့ကာ အဆိုပါ ကစားသမားတွေထဲမှာလည်း သီယာဂိုက မကြာခဏဆိုသလို ဒဏ်ရာတွေ ရလေ့ရှိပါတယ်။

ဒါကြောင့်ပဲ လီဗာပူးရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ်က ပွဲဆက်တွေ များမယ့် ယခုနှစ် ဘောလုံးရာသီမှာ အသင်းရဲ့ စွမ်းဆောင်ရည်ပိုင်း မကျဆင်းသွားအောင် ကွင်းလယ်လူသစ် တဦးကို ခေါ်ယူဖို့ ဆန္ဒရှိနေပေမယ့် နွေဈေးကွက် ပိတ်သိမ်းဖို့ နီးစပ်နေချိန်မှာ လိုချင်တဲ့ ကစားသမားကို ခေါ်ယူနိုင်ဖို့ မလွယ်ကူတော့ပါဘူး။

Photo Credit: Mirror

ကလော့ပ်ကတော့ သူတို့အသင်းဟာ ကွင်းလယ်လူသစ် တဦးကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် အဆိုပါ ကစားသမားဟာ သူတို့အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး အခြားအသင်း တသင်းဆီ ပြောင်းရွှေ့သွားခဲ့ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ကလော့ပ်က – “ကျွန်တော်တို့က ကွင်းလယ်လူ တဦးကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးတယ်။ ဒါပေမယ့် သူက တခြားအသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကလည်း ဈေးကွက်ထဲမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ပုံစံမျိုးပါ။ အခုချိန်မှာ ကျွန်တော်တို့က ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ ကစားသမား တချို့ဟာ ခေါ်ယူဖို့ မဖြစ်နိုင်တော့တဲ့ ကစားသမားတွေ ဖြစ်နေပါပြီ။ ဒါက ပကတိ အရှိတရားပါပဲ” လို့ ပြောကြားသွားခဲ့တာပါ။