ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ် ကတော့ လီဗာပူးအသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ကစားသမားသစ် ခေါ်ယူတော့မှာ မဟုတ်ကြောင်း အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ လိုက်ပ်ဇက်အသင်း ကနေ ခေါ်ယူထားတဲ့ နောက်ခံလူ ကိုနာတေး တဦးထဲသာ အဝင် ရှိပြီး လုံလောက်တဲ့ အင်အားဖြည့်တင်းမှုတွေ မပြုလုပ်သေးတဲ့ အသင်းတသင်းပဲ ဖြစ်ပါတယ်။

Photo Credit: Express

ဒါကြောင့် လီဗာပူးအသင်းရဲ့ ပရိသတ်တွေက လူအင်အား ဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ အသင်းကို တောင်းဆိုနေကြပေမယ့် လီဗာပူးအသင်းဟာ ဘဏ္ဍာရေး အခြေအနေ အနည်းငယ် ဆိုးရွားနေတာကြောင့် ကစားသမားသစ်တွေ ခေါ်ယူဖို့ ခက်ခဲနေပါတယ်။

လက်ရှိမှာတော့ လီဗာပူးအသင်းရဲ့ နည်းပြ ကလော့ပ်က သူတို့ဟာ ကစားသမားသစ်တွေ ခေါ်ယူတော့မှာ မဟုတ်ကြောင်းနဲ့ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ကစားသမား ရောင်းချမှုကိုသာ ဦးတည် လုပ်ဆောင်ဖို့ စဉ်းစားထားကြောင်း ပြောကြား သွားပါတယ်။

Photo Credit: Express

အပြောင်းအရွှေ့ လှုပ်ရှားမှုနဲ့ ပတ်သတ်ပြီး ကလော့ပ်က – “ခင်ဗျားက အပြောင်းအလဲတွေကို လုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အဲ့ဒီလို ကစားသမားသစ်တွေ ခေါ်ယူဖို့ အတွက် နေရာလွတ်တွေလည်း ရှိဖို့ လိုအပ်ပါသေးတယ်။ ကျွန်တော်တို့က ကစားသမားသစ်တွေ ထပ်ပြီး မလိုအပ်တော့ပါဘူး။ ကျွန်တော်တို့ အတွက် ကစားသမားသစ် ခေါ်ယူဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး” လို့ ကြေညာခဲ့တာပါ။

လက်ရှိမှာတော့ လီဗာပူးအသင်းဟာ အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ အော်ရီဂီနဲ့ တောင်ပံ ကစားသမား ဖြစ်သူ ရှာကွီရီတို့ကို ရောင်းထုတ်ဖို့ စီစဉ်နေပြီး ရှာကွီရီကတော့ ပြင်သစ် နာမည်ကြီးကလပ် လိုင်ယွန်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရယူထားနိုင်ပါတယ်။