လီဗာပူးလ် နည်းပြ ကလော့ပ်ကတော့ နော်ဝှစ်ချ်အသင်းကို (၁-ဝ) နဲ့ အနိုင်ရတဲ့ ပွဲစဉ် အပြီးမှာ နိုင်ပွဲ ရရင်တောင် ကစားသမားတွေကို အဝတ်လဲခန်းမှာ စကားတွေသာ ပြောနေမိပြီး ဂုဏ်ပြုဖို့ ကိုယ့်ကိုကိုယ် သတိပေးနေရတယ်လို့ ပြောသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ စနေနေ့ည ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်မှာ နော်ဝှစ်ချ်အသင်းကို လူစားလဲ ဝင်ရောက်ကစားခဲ့တဲ့ မာနေးရဲ့ (၇၈) မိနစ်က သွင်းဂိုးကြောင့် ရမှတ်ပြည့် (၃) မှတ် ရရှိနိုင်သွားခဲ့ပါတယ်။

Photo Credit: Liverpoolecho

လီဗာပူးလ်အသင်းဟာ လက်ရှိရာသီမှာတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဗိုလ်ကျစွာ ထိပ်ဆုံးက ပြေးနေပြီး အနီးကပ်ဆုံး နောက်က လိုက်လာတဲ့ မန်စီးတီးအသင်းကိုတောင် ရမှတ် (၂၅) မှတ် ဖြတ်ထားတာ ဖြစ်ပါတယ်။ လီဗာပူးလ် နည်းပြ ကလော့ပ်ကတော့ ပွဲစဉ် (၂၆) ပွဲ ကစားပြီးရာမှာ နိုင်ပွဲ (၂၅) ပွဲ ရရှိခဲ့ပေမဲ့လည်း အဝတ်လဲခန်းထဲမှာ ကစားသမားတွေကို ဂုဏ်ပြုဖို့ သူ့ကိုယ်သူ သတိပေးနေရတာက ရှုံးပွဲတွေကို ကျင့်သားရနေတာကြောင့် ဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Liverpoolecho

နည်းပြ ကလော့ပ်က “ဒီပွဲက သိပ် ကောင်းပါတယ်။ ဒါပေမဲ့ ဒါက ဘောလုံးပွဲပါ။ ပွဲပြီးတဲ့နောက် ကျွန်တော် အဝတ်လဲခန်းမှာ ကစားသမားတွေကို (၃) မိနစ် ဒါမှမဟုတ်ရင် (၄) မိနစ်ကြာ စကားပြောခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ တစ်ခါတစ်လေ ဂုဏ်ယူပါတယ်လို့ ပြောဖို့ ကိုယ့်ကိုကိုယ် သတိပေးနေရပါတယ်။ ကျွန်တော် အခုချိန်အထိ ရှုံးပွဲတွေနဲ့ ကျင့်သားရနေလို့ ဖြစ်နိုင်ပါတယ်။ ကျွန်တော် မရှုံးသင့်တာထက် ပို ရှုံးခဲ့တုန်းက စကားလုံးတွေ ရှာခဲ့ရပါတယ်”လို့ ပြောခဲ့ပါတယ်။