ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ်ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘန်ကောက် ရာစုနှစ်ဖလားပြိုင်ပွဲမှာ ခါးသီးပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရတာဟာ တိုက်စစ် ကစားသမားတွေရဲ့ အဆုံးသတ်ပိုင်း အားနည်းချက်ကြောင့် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့က အင်္ဂလန်ဒါဘီ အဖြစ် တင်စားခံရတဲ့ အထိ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပြိုင်ဘက်အသင်းတွေ ဖြစ်ကြပြီး ယမန်နေ့ည ၇နာရီခွဲမှာတော့ သူတို့နှစ်သင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရာသီသစ်ရဲ့ ပထမဦးဆုံး ရာသီကြို ခြေစမ်းပွဲကို ယှဉ်ပြိုင် ကစားခဲ့ကြပြီး မန်ချက်စတာ ယူနိုက်တက်က ၄-၀ ဆိုတဲ့ ရလဒ်နဲ့ လီဗာပူးကို ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Sky Sports

အဆိုပါပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့က စီနီယာ ကစားသမားတွေကို တလှည့်စီ အသုံးပြုခဲ့ကြပြီး နှစ်သင်းစလုံးဟာ ခံစစ်ပိုင်း အမှားအယွင်းတွေ ကျူးလွန်ခဲ့ကြပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားတွေက အခွင့်အရေးတွေကို အပိုင် အသုံးချနိုင်ခဲ့တာကြောင့် အခုလိုမျိုး ဂိုးပြတ်နိုင်ပွဲ တပွဲကို ရရှိသွားခဲ့တာပါ။

ရာသီကြို ခြေစမ်းပွဲ ဆိုပေမယ့် ခါးသီးပြိုင်ဘက်ကို ချေပဂိုး ၁ဂိုးတောင် ပြန်လည် သွင်းယူနိုင်ခြင်း မရှိပဲ အရှုံးပေးခဲ့ရတာကြောင့် လီဗာပူးအတွက် တာထွက်မလှဘူးလို့ ဆိုရမှာ ဖြစ်ပြီး လီဗာပူးနည်းပြ ကလော့ပ်ကလည်း ယခုလို ပြိုင်ဘက်ကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ရမှုကြောင့် မပျော်မရွှင် ဖြစ်နေကြောင်း ဝန်ခံခဲ့သလို သူတို့အသင်းက ချေပဂိုးတွေ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သင့်ကြောင်း ငြီးတွားသွားခဲ့ပါတယ်။

Photo Credit: Sky Sports

ကလော့ပ်က – “ရလဒ်ဆိုတာ အသင်းရဲ့ ခြေစွမ်းကို အမြဲတမ်း မီးမောင်းထိုးပြနေတာပါ။ ဒီအချက်ကို ကျွန်တော်တို့ လက်ခံရပါမယ်။ ဒီပွဲမှာ ကျွန်တော်တို့ရဲ့ ခြေစွမ်းက အတော်လေး ဆိုးရွားခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့တွေ ချေပဂိုးတွေ ပြန်သွင်းနိုင်ခဲ့သင့်တယ်လို့ မြင်ပါတယ်။ ဒီပွဲမှာ ပေးလိုက်ရတဲ့ သွင်းဂိုးတွေကို ပြန်ကြည့်လိုက်ရင် ကျွန်တော်တို့ ခံစစ်မှူးတွေရဲ့ အမှားတွေကြောင့် ဆိုတာကို မြင်ရပါလိမ့်မယ်။ ကျွန်တော်တို့က တဖက်အသင်းရဲ့ သွင်းဂိုးတွေ အတွက် ဂိုးဖန်တီးမှုတွေ ရခဲ့သင့်ပါတယ်။ (ရယ်လျက်) ပြိုင်ဘက်အသင်းက ဒီပွဲမှာ သူတို့တွေ ရခဲ့တဲ့ အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချနိုင်ခဲ့ပြီး ကျွန်တော်တို့ကတော့ ဒါမျိုး မလုပ်နိုင်ခဲ့ကြပါဘူး။ သူတို့က အရမ်းကောင်းတဲ့ ရွေ့လျားမှုတွေနဲ့ ကျွန်တော်တို့ကို ဒုက္ခပေးခဲ့ကြပါတယ်။ ဒါပေမယ့် ဒီပွဲမှာ ကျွန်တော်တို့အတွက် ကောင်းတဲ့ အချက်တွေလည်း ရှိခဲ့ပါသေးတယ်။ ဒီပွဲမှာ ကျွန်တော်တို့ရဲ့ တချို့ ကစားသမားတွေ အဆင်သင့် မဖြစ်သေးတာကို ခင်ဗျားတို့ မြင်ကြရပါလိမ့်မယ်။ ဒါက ဘောလုံးပါ။ အမှားဆိုတာ အချိန်တိုင်း ကျူးလွန်မိတတ်ကြပါတယ်။ ဒီပွဲရဲ့ နောက်ဆုံး ၅မိနစ်လောက်မှာ ကျွန်တော်တို့က ၃ဂိုး ၊ ၄ဂိုးလောက် သွင်းယူနိုင်ခဲ့သင့်ပေမယ့် ကျွန်တော်တို့ ချေပဂိုးတွေ မသွင်းနိုင်ခဲ့ပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။