ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အဓိကပြိုင်ဘက် မန်ချက်စတာ စီးတီးကို အဝေးကွင်းမှာ ၄-၁ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပြီးနောက် သူတို့အသင်းဟာ မန်ချက်စတာ စီးတီးကို အဘက်ဘက်မှာ မယှဉ်နိုင်ခဲ့ဘူးလို့ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် တိုက်ပွဲဝင်နေတဲ့ မန်ချက်စတာ စီးတီးနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် အတွက် တိုက်ပွဲဝင်နေတဲ့ လီဗာပူးတို့က ပရီးမီးယားလိဂ် ပွဲစဉ်(၂၉) အဖြစ် မန်ချက်စတာ စီးတီးရဲ့ အိမ်ကွင်း အီတီဟတ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး နှစ်သင်းစလုံးက ရည်မှန်းချက် ကိုယ်စီ ရှိနေတာကြောင့် အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်းကာ အနိုင်ရရှိရေး အတွက် အားထည့် ကစားသွားခဲ့ကြပါတယ်။

Photo Credit: Football 365

ဂွာဒီယိုလာနဲ့ ကလော့ပ်တို့က အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့တာကြောင့် မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ရဲ့ ပွဲစဉ်ဟာ ပွဲအစ ကနေ ပွဲပြီးချိန် အထိ အကြိတ်အနယ် ရှိခဲ့ပြီး ဧည့်သည် လီဗာပူးက ပွဲချိန် ၁၇မိနစ်မှာ တန်ပြန်တိုက်စစ် ကနေ တဆင့် သွင်းယူခဲ့တဲ့ ဆာလာရဲ့ သွင်းဂိုးနဲ့အတူ ပွဲကို ဦးဆောင် ကစားခွင့် ရခဲ့ပါတယ်။

ဒါပေမယ့် လီဗာပူးရဲ့ အပျော်တွေက ၁၀မိနစ်သာ ခံခဲ့ပြီး ပွဲချိန် ၂၇မိနစ်မှာ အယ်ဗာရက်ဇ်က မန်ချက်စတာ စီးတီး အတွက် ချေပဂိုးကို အလွယ်တကူပဲ ပြန်သွင်းပေးနိုင်ခဲ့ပါတယ်။ တဖက် တဂိုးစီ သရေကျခဲ့ပြီးနောက် အိမ်ရှင် မန်ချက်စတာ စီးတီးက ကစားကွက်အသာ ၊ ခြေစွမ်းအသာနဲ့ လီဗာပူးဘက်ကို တရစပ် ဖိအားပေး တိုက်စစ်ဆင် ကစားသွားခဲ့ပြီး ဧည့်သည် လီဗာပူးကတော့ ခံစစ်ကိုသာ အားပြု ကစားခဲ့ရပါတယ်။

Photo Credit: Sky Sports

လီဗာပူးက ခံစစ်ကို အားပြု ကစားခဲ့ပေမယ့် တရစပ် ထိုးဖောက်နေတဲ့ မန်ချက်စတာ စီးတီးရဲ့ တိုက်စစ်ဆင်မှုတွေကို ကြာကြာ တောင့်မခံနိုင်ခဲ့ပဲ ပွဲချိန် ၄၆မိနစ် ၊ ပွဲချိန် ၅၃မိနစ်နဲ့ ပွဲချိန် ၇၄မိနစ်တို့မှာ မန်ချက်စတာ စီးတီးရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုပေးခဲ့ရပြီး မန်ချက်စတာ စီးတီး အတွက် အနိုင်ဂိုးတွေကို ဒီဘရိုင်း ၊ ဂန်ဒိုဂန်နဲ့ ဂရီးလစ်ရှ်တို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

မန်ချက်စတာ စီးတီး ၄-၁ လီဗာပူး ပွဲစဉ်ဟာ လီဗာပူးရဲ့ ဒီရာသီမှာ ခြေစွမ်းနဲ့ ရလဒ်ပိုင်း အဆိုးဝါးဆုံးပွဲ အဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီး လီဗာပူးနည်းပြ ကလော့ပ်က သူတို့အသင်းဟာ မန်ချက်စတာ စီးတီးထက် အစစ အရာရာမှာ အားနည်းခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ ကလော့ပ်က – “တပွဲလုံးကို ခြုံပြောရရင် ကျွန်တော်တို့က စီးတီးကို အဘက်ဘက်မှာ မယှဉ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော့်ဘက်က ဒီလို ကစားပုံမျိုးကို လက်မခံနိုင်ပါဘူး။ မနက်ဖြန်ကတော့ ကျွန်တော်တို့အတွက် ကြီးမားတဲ့ နေ့ရက် တရက် ဖြစ်နေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ဒီပွဲနဲ့ ဒီရာသီမှာ လုပ်နေခဲ့တဲ့ အမှားတွေကို ပြန်လည် ပြင်ဆင်ရမှာမို့လို့ပါ။ ပထမပိုင်းက ကျွန်တော်တို့ မျှော်လင့်ထားသလိုပဲ ဖြစ်ခဲ့တာပါ။ စီးတီးက ပွဲကို ပိုထိန်းချုပ်နိုင်ခဲ့တယ် ဆိုပေမယ့် ကျွန်တော်တို့ရဲ့ ကစားပုံကလည်း ကျစ်လျစ်ခဲ့ပါတယ်။ ကျွန်တော်က လှပတဲ့ သွင်းဂိုး တဂိုးကို သွင်းယူနိုင်ခဲ့သလို အရေးပါတဲ့ နေရာတွေမှာလည်း အသာစီး ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ ကျွန်တော်တို့ရဲ့ ခံစစ်ကြောင်းက အရမ်းကို ပေါက်ထွက်နေခဲ့ပါတယ်။ စီးတီးက သူတို့ လုပ်ချင်တာတွေ အားလုံးကို လုပ်ခွင့် ရခဲ့ပါတယ်။ စီးတီးက လောဘနည်းခဲ့တာကြောင့်သာ ကျွန်တော်တို့ ကံကောင်းခဲ့တာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။