ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်တစ်ပွဲ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ ပထမအကျော့ ပွဲစဉ်မှာတော့ အိမ်ရှင်အသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ လီဗာပူးအသင်းကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ အခြေအနေ ကောင်းသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဒုတိယကွင်းဖြစ်တဲ့ ဒီစတီဖာနိုကွင်းမှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်ဟာ အကြိတ်အနယ်ရှိမယ့် ပွဲကောင်းတစ်ပွဲ ဖြစ်လာလိမ့်မယ် လို့ သုံးသပ်မှုတွေ ရှိခဲ့ပေမယ့် တကယ်တမ်းမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းကသာ ပွဲကို စိုးမိုးထားနိုင်ခဲ့ပြီး လီဗာပူးအသင်းကတော့ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်ခဲ့ရပါတယ်။

Photo Credit: Standard

 

အဆိုပါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်း အတွက် အဓိက ခြေစွမ်းပြနိုင်ခဲ့တဲ့ ကစားသမားကတော့ ဘယ်တောင်ပံ ကစားသမား ဖြစ်သူ ဗီနီးစီးယပ်ဖြစ်ပြီး ဗီနီးစီးယပ်ဟာ ပွဲကစားချိန် ၂၇မိနစ်နဲ့ ၆၅မိနစ်မှာ ရီးရဲလ်မက်ဒရစ်အသင်း အတွက် သွင်းဂိုးတွေကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်း အတွက် ကျန်ရှိနေတဲ့ သွင်းဂိုးတစ်ဂိုးကို အဆန်စီယိုက ပွဲကစားချိန် ၃၆မိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပြီး လီဗာပူးအသင်း အတွက် မျှော်လင့်ချက် ဖြစ်စေမယ့် ချေပဂိုးကိုတော့ ပွဲကစားချိန် ၅၁မိနစ်မှာ ဆာလက်က သွင်းယူပေးခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်အသင်းကို အဝေးကွင်းမှာ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ကလော့ပ်က သူ့ရဲ့အသင်းဟာ ပြိုင်ဘက်အသင်းကို ယှဉ်ပြိုင်ကစားနိုင်စွမ်း မရှိခဲ့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။

Photo Credit: Standard

ကလော့ပ်က – “ ခင်ဗျားအနေနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းချင်ရင် အဲ့ဒီနေရာနဲ့ ထိုက်တန်ကြောင်း ပြသနိုင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ ဒီနေ့မှာ အဲ့ဒါကို မပြသနိုင်ခဲ့ပါဘူး။ အထူးသဖြင့် ပထမပိုင်းမှာပေါ့။ ဒါ့ကြောင့် ဒီနေ့ပွဲမှာ သွင်းဂိုးတစ်ဂိုး ရခဲ့တာကလွဲပြီး ကောင်းမွန်တဲ့ အချက်ကို ပြောပါ ဆိုရင်တော့ ဒါဟာ ပထမအကျော့ ဖြစ်နေတယ် ဆိုတဲ့ အချက်ကိုပဲ ပြောရမှာပါ။ ကျွန်တော်တို့ဟာ ရီးရဲလ်မက်ဒရစ် အခက်တွေ့အောင် ဘောလုံးကို ကောင်းမွန်စွာ မကစားနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့တွေ ရီးရဲလ်မက်ဒရစ်ကို ဒုက္ခပေးနိုင်လိမ့်မယ်လို့ ကျွန်တော် တကယ်ကို ထင်ခဲ့တာပါ။ ကျွန်တော်တို့အသင်းက သူတို့အတွက် အရမ်းကို လွယ်ကူတဲ့ ပြိုင်ဘက် ဖြစ်ခဲ့ပါတယ်။ ဒါကပဲ အရေးအကြီးဆုံး အရာပါ” လို့ ပြောကြား သွားခဲ့တာပါ။