ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ်က သူတို့အသင်းဟာ ယခု နွေဈေးကွက် အတွင်းမှာ ကစားသမားသစ်တွေကို ထပ်မံ ခေါ်ယူဖို့ မရှိတော့ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးက ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဆာဒီယို မာနေးကို ဆုံးရှုံးခဲ့ရပေမယ့် အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် ဘင်ဖီကာနဲ့အတူ တောက်ပနေတဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဒါဝင် နူနက်ဇ်ကို အမိအရ ခေါ်ယူထားသလို အသင်းရဲ့ ညာနောက်ခံ နေရာအတွက် အဘားဒင်းရဲ့ လူငယ်ကြယ်ပွင့် ရမ်ဆေး ၊ အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် ပေါ်တူဂီ လူငယ်ကြယ်ပွင့် ကာဗယ်လ်ဟိုတို့ကို ထပ်မံ ခေါ်ယူထားနိုင်ပါတယ်။

Photo Credit: Team Talk

ဒါကြောင့် လီဗာပူးရဲ့ ကစားသမား အင်အားဟာ ရှိရင်းစွဲ အင်အားထက် လျော့နည်းသွားတယ်လို့ မဆိုနိုင်ပေမယ့် တဖက်မှာ ပြိုင်ဘက်အသင်းတွေက တန်ကြေးမြင့် အပြောင်းအရွှေ့တွေနဲ့အတူ အသင်းကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ထားတာကြောင့် ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက လီဗာပူးဟာ သူတို့ရဲ့ အသင်းကို အင်အားဖြည့်တင်းမှုတွေ ထပ်မံ ပြုလုပ်သင့်တယ်လို့ အကြံပေးနေကြပါတယ်။

ဒါပေမယ့် ကလော့ပ်ကတော့ သူတို့အသင်းဟာ ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူဖို့ လိုအပ်နေတယ် ဆိုတဲ့ အကြံပေးချက်တွေကို လျစ်လျူရှုလိုက်ပြီး သူတို့ရဲ့ ကစားသမား အင်အားဟာ ပြည့်စုံ လုံလောက်မှု ရှိကြောင်းနဲ့ အသင်းရဲ့ ရှိရင်းစွဲ ကစားသမားတွေကိုသာ လက်မလွှတ်ရရင် ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူဖို့ မဖြစ်နိုင်တော့ကြောင်း ဆိုလာပါတယ်။

Photo Credit: Team Talk

ကလော့ပ်က – “တကယ်လို့ ကျွန်တော်တို့မှာ ဒဏ်ရာရ ကစားသမားတွေနဲ့ အသင်းကနေ ထွက်ခွာသွားတဲ့ ကစားသမားတွေ မရှိရင် ကျွန်တော်တို့ရဲ့ ကစားသမား အင်အားက ပြည့်စုံ လုံလောက်တဲ့ အနေအထား တရပ်မှာ ရှိပါတယ်။ ဒါကြောင့် လီဗာပူး ပရိသတ်တွေ အနေနဲ့ ကစားသမားသစ် ခေါ်ယူမှု အတွက် အာရုံစိုက်စရာ မလိုတော့ပဲ တခြားအရာတွေ အတွက်ပဲ အာရုံစိုက်နိုင်ပါတော့မယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။