ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ် ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၇)မှာ ဆောက်သမ်တန်ကို အဝေးကွင်းမှာ ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရအောင် ကစားနိုင်ခဲ့ပေမယ့် လိဂ်ချန်ပီယံဆု အတွက် သူတို့နဲ့ အပြိုင် ဖြစ်နေတဲ့ မန်ချက်စတာ စီးတီးကသာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိဖို့ ပိုမို နီးစပ်နေကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

လီဗာပူးနဲ့ မန်ချက်စတာ စီးတီးတို့ဟာ ယခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အပြိုင်အဆိုင် ဖြစ်နေကြတဲ့ အသင်းနှစ်သင်း ဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြီးဆုံးဖို့ ပွဲစဉ်(၁)သာ ကျန်ရှိတော့ပေမယ့် သူတို့နှစ်သင်းကြားမှာ ရမှတ် ကွာဟချက်က ၁မှတ်သာ ရှိတာကြောင့် နှစ်သင်းစလုံးက ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်မယ့် အခွင့်အရေးတွေကို ပိုင်ဆိုင်ထားကြပါတယ်။

Photo Credit: BBC

ဒါပေမယ့် လက်ရှိအချိန်မှာ မန်ချက်စတာ စီးတီးက လီဗာပူးထက် ရမှတ် ၁မှတ် အသာစီး ရနေသလို ဂိုးကွာခြားချက်လည်း များနေတာကြောင့် သူတို့အသင်းကသာ ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ဖို့ ပိုမို အခွင့်အလမ်း များနေကာ လီဗာပူးအနေနဲ့ ချန်ပီယံ ဖြစ်ဖို့ ဆိုရင် မန်ချက်စတာ စီးတီးရဲ့ အမှားကို စောင့်ဆိုင်းရဖို့ ရှိနေပါတယ်။

ဒါကြောင့်လည်း လီဗာပူးရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ်က သူတို့အသင်းဟာ မန်ချက်စတာ စီးတီးရဲ့ လက်ထဲကနေ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပြန်လုဖို့ မလွယ်ကူတော့ကြောင်း ဆောက်သမ်တန်နဲ့ ပွဲအပြီးမှာ ထုတ်ဖော် ဝန်ခံသွားခဲ့ပြီး ဗီလာအနေနဲ့ မန်ချက်စတာ စီးတီးဆီ ကနေ ရမှတ်တွေ ခွဲဝေယူနိုင်ဖို့ကို မျှော်လင့်မိကြောင်း ဆိုလာပါတယ်။

Photo Credit: BBC

ကလော့ပ်က – “ကျွန်တော်တို့တွေ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ မလွယ်ကူတော့တာ အသေအချာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ မန်ချက်စတာ စီးတီးက ကြာသပတေးနေ့မှာ ပွဲကစားခဲ့ရလို့ အနားပိုရထားသလို နောက်ဆုံးပွဲမှာ ဗီလာကို အိမ်ကွင်းမှာပဲ လက်ခံ ကစားရဖို့ ရှိနေလို့ပါ။ ဒါပေမယ့် ကျွန်တော်တို့ ယှဉ်ပြိုင် ကစားနေတာက ဘောလုံးပွဲပါ။ မန်ချက်စတာ စီးတီးတို့ ၂၀၁၉ခုနှစ်မှာ ချန်ပီယံ ဖြစ်တုန်းက ဆိုရင်လည်း ၁၁ မီလီမီတာ အကွာအဝေးလေးက သူတို့ကို ကူညီသွားခဲ့တာပါ။ ဒါကြောင့် ကျွန်တော်တို့ ချန်ပီယံ ဖြစ်ဖို့ ဆိုရင် ဗီလာအနေနဲ့ မန်ချက်စတာ စီးတီးဆီကနေ ရမှတ်တွေ ခွဲဝေယူနိုင်ဖို့ အရင်ဆုံး လိုအပ်ပါလိမ့်မယ်။ ကျွန်တော်တို့ ချန်ပီယံ ဖြစ်ဖို့ ဆိုတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မဖြစ်ဖို့တော့ များပါတယ်” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။