ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ် ကတော့ သူတို့အသင်းဟာ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ တာစူနေတဲ့ တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်နိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှု မရခဲ့ကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ကြယ်ပွင့် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး လူငယ် ကစားသမား အဖြစ် သတ်မှတ်ခံထားရသလို သူနဲ့ ပီအက်စ်ဂျီတို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်သက်တမ်းကလည်း ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

Photo Credit: Daily Star

ဒါကြောင့်ပဲ အမ်ဘာပေကို ခေါ်ယူချင်တဲ့ အသင်းတွေက ပြောင်းရွှေ့ကြေး တပြားတချပ်မှ သုံးစရာမလိုပဲ အမ်ဘာပေနဲ့ သဘောတူညီမှု ရဖို့သာ လိုအပ်နေပြီး လီဗာပူးကလည်း စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်နဲ့ အပြိုင် အမ်ဘာပေကို အလွတ်နဲ့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပါတယ်။

ဒါပေမယ့် အမ်ဘာပေကတော့ သူ့ရဲ့ အိမ်မက်အသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတာကြောင့် လီဗာပူးရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့ပြီး လီဗာပူးနည်းပြ ကလော့ပ်ကလည်း သူတို့ဟာ အမ်ဘာပေရဲ့ ငြင်းဆိုမှုကိုသာ ရခဲ့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။

Photo Credit: Daily Star

ကလော့ပ်က – “ကျွန်တော်တို့တွေ အမ်ဘာပေကို ခေါ်ဖို့ စိတ်ဝင်စားခဲ့ကြပါတယ်။ ကျွန်တော်တို့က မျက်စိ မမြင်တဲ့ လူတွေမှ မဟုတ်တာဗျာ။ ဒါကြောင့် ကျွန်တော်တို့က သူ့ကို ခေါ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က အမ်ဘာပေကို ခေါ်ဖို့ ကြိုးစားနေတဲ့ တခြားအသင်းတွေနဲ့ မယှဉ်ပြိုင်နိုင်ခဲ့ပါဘူး။ အခုဆိုရင် အမ်ဘာပေကို ခေါ်ဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အများကြီး ရှိနေပါတယ်။ ကျွန်တော်တို့က အမ်ဘာပေရဲ့ ငြင်းဆိုမှုကို ခံလိုက်ရပေမယ့် အဆင်ပြေပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

အမ်ဘာပေကတော့ သူ့ရဲ့ အနာဂတ်ကို ဆုံးဖြတ်ထားပြီးပြီ ဖြစ်ကြောင်းနဲ့ သူက သူ့ရဲ့ ဆုံးဖြတ်ချက်ကို မေလ ၂၈ရက်နေ့ မတိုင်မီ တရားဝင် ကြေညာမယ်လို့လည်း ပရိသတ်တွေကို အသိပေးထားပါတယ်။