ယမန်နေ့ညမှာ ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ချက်အသင်းကို အနိုင်ရပြီးနောက် ယူရို၂၀၂၀ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို အံ့အားသင့်ဖွယ် တက်ရောက်နိုင်ခဲ့တဲ့ ဒိန်းမတ်အသင်းရဲ့ အသင်းခေါင်းဆောင် ကေဂျာကတော့ အုပ်စုအဖွင့်ပွဲစဉ်မှာ ကွင်းအတွင်း ရုတ်တရတ် လဲကျခဲ့တဲ့ အဲရစ်ဆင်ရဲ့ အဖြစ်အပျက်ဟာ သူတို့တသင်းလုံးကို ယခင်ကထက် ပိုပြီး စည်းလုံးသွားစေခဲ့တယ်လို့ ဆိုလာပါတယ်။

အင်တာမီလန်အသင်းရဲ့ ကွင်းလယ်လူ အဲရစ်ဆင်ဟာ ဒိန်းမတ်အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်ပြီး ဒိန်းမတ်အသင်းနဲ့ ဖင်လန်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့တဲ့ အုပ်စုအဖွင့်ပွဲမှာ နှလုံးအမောဖောက်ကာ ရုတ်တရတ် ကွင်းအတွင်း လဲကျခဲ့တာ ဖြစ်ကာ အဆိုပါဖြစ်ရပ်ဟာ ဒိန်းမတ်အသင်း အပါအဝင် ဘောလုံးလောက တခုလုံးကို ဂယက်ရိုက်စေခဲ့ပါတယ်။

 

Photo Credit: Goal

အဲရစ်ဆင်ရဲ့ အဖြစ်အပျက်ကြောင့် စိတ်ဓာတ်ပိုင်း အနည်းငယ် ယိမ်းယိုင်သွားခဲ့တဲ့ ဒိန်းမတ်အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ် ၂ပွဲစလုံးကို အရေးနိမ့်ခဲ့ပေမယ့် အုပ်စုနောက်ဆုံး ပွဲစဉ်မှာတော့ အဲရစ်ဆင်ရဲ့ နှလုံးခွဲစိတ်မှု အောင်မြင်တဲ့ သတင်းကြောင့် ရေကုန်ရေခမ်း ကစားခဲ့ပြီး ရုရှားအသင်းကို ၄-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် နိုင်ခဲ့တာကြောင့် မထင်မှတ်ပဲ အုပ်စု ဒုတိယနေရာ ကနေ ၁၆သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

၁၆သင်းအဆင့်မှာတော့ ဒိန်းမတ်အသင်းဟာ ဝေးလ်အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရပြီး ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ခဲ့သလို ယမန်နေ့ညမှာ ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲမှာလည်း ချက်အသင်းကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ကာ ဆီမီးဖိုင်နယ်အဆင့် မှာတော့ အင်္ဂလန်အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာပါ။

Photo Credit: Goal

အုပ်စုအဖွင့်ပွဲ ၂ပွဲလုံးကို အရေးနိမ့်ခဲ့တဲ့ အနေအထား ကနေ ဆီမီးဖိုင်နယ်အဆင့် အထိ ရောက်ရှိခဲ့တဲ့ အံ့မခန်း အောင်မြင်မှုရဲ့ လျို့ဝှက်ချက်နဲ့ ပတ်သတ်ပြီး ဒိန်းမတ်အသင်း ခေါင်းဆောင် ကေဂျာက ယမန်နေ့ညမှာ ပြောပြ လာခဲ့ပြီး သူတို့တသင်းလုံးဟာ အဲရစ်ဆင်ရဲ့ အဖြစ်အပျက်ကြောင့် ပိုမို စည်းလုံးလာခဲ့သလို အဲရစ်ဆင် အတွက် ရည်စူးပြီး ယခင်ကထက် ပိုမို ကြိုးစားခဲ့တာဟာ သူတို့အသင်းရဲ့ လျို့ဝှက်ချက်ပါလို့ ဆိုလာပါတယ်။

ဆီမီးဖိုင်နယ်အဆင့်ကို အံ့မခန်း တက်ရောက်နိုင်ခဲ့အပေါ် ကေဂျာက – “အဲရစ်ဆင်ရဲ့ အဖြစ်အပျက်က အသင်းအပေါ် အကျိုးသက်ရောက်မှု ရှိခဲ့ပါတယ်။ ကျွန်တော်တို့တွေ သူ အသက်ရှင်ဖို့ အတွက် အတူတကွ ကြိုးစားခဲ့ကြတယ်။ ပြီးတော့ အခုဆို သူက အန္တရာယ်ကင်းသွားပြီ။ ဒီဖြစ်ရပ်ကြောင့် ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ အနီးအနားက လူတွေကို ယုံကြည်လို့ ရတယ် ဆိုတာ အားလုံးက နားလည်သွားတယ်။ တကယ်လို့ ကျွန်တော်တို့ထဲက တစုံတယောက်က ဒုက္ခတွေ့ခဲ့ရင် တခြားလူတွေက ကျွန်တော်တို့ကို ကူညီမယ် ဆိုတာ အားလုံးက သိသွားကြပြီ။ ဒါက ကျွန်တော်တို့ကို ပိုပြီး လုံခြုံမှု ရှိစေပါတယ်။ ဒီစိတ်ကြောင့်ပဲ ကျွန်တော်တို့က ပြိုင်ဘက်တွေကို ပိုပြီး ဖိအားပေး ကစားလာနိုင်တယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ရဲ့ အနောက်မှာ တစုံတယောက် အမြဲ ရှိနေမှာကို ကြိုသိနေလို့ပါပဲ” လို့ ပြောပြ သွားခဲ့ပါတယ်။