ယူရို ၂၀၂၀ပြိုင်ပွဲရဲ့ အုပ်စု အဖွင့်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဒိန်းမတ်အသင်းနဲ့ ဖင်လန်အသင်းတို့ရဲ့ ပွဲစဉ်မှာ ဒိန်းမတ်အသင်းရဲ့ ကွင်းလယ်လူ အဲရစ်ဆင်ဟာ နှလုံးရှော့ခ်ဖြစ်ကာ ကွင်းအတွင်းမှာ ရုတ်တရတ် လဲကျသွားခဲ့ပြီး သတိလစ် မေ့မြောခဲ့တာကြောင့် အရေးပေါ် အသက်ကယ်မှုနဲ့ အတူ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေကို ခံယူခဲ့ရပါတယ်။ ဘောလုံးအားကစားလို ပွဲတပွဲရဲ့ မိနစ် ၉၀လုံး အပြည့် အင်တိုက်အားတိုက် ကစားရတဲ့ ကစားနည်းမျိုးမှာ အားကစားသမားတွေဟာ ကစားနေချိန် အတွင်းမှာ နှလုံးရှော့ခ်ဖြစ်မှု ၊ နှလုံးကြွက်သား အားနည်းမှု ၊ နှလုံးခုန်နှုန်း မူမမှန်မှု စတဲ့ နှလုံးရောဂါနဲ့ ဆိုင်တဲ့ ကျန်းမာရေး ဆိုးဝါးမှုတွေ ဖြစ်နိုင်ပြီး အဆိုပါ ဖြစ်ရပ်တွေထဲမှာ နှလုံးရှော့ခ်ဖြစ်မှုဟာ အဆိုးဝါးဆုံးနဲ့ အသက်အန္တရာယ် အပေးနိုင်ဆုံး ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။

Photo Credit: Standard

နှလုံးရှော့ခ်ဖြစ်မှုဟာ နှလုံးအတွင်းမှာ ရှိနေတဲ့ ကြွက်သားတွေဟာ နှလုံးဆီကို လုံလောက်တဲ့ သွေးပမာဏ ပို့ဆောင်နိုင်ခြင်း မရှိတာ ၊ ဒါမှမဟုတ် နှလုံးသွေးကြောတွေဟာ ပုံမှန်အခြေအနေထက် အားနည်းနေတဲ့ အချိန်မျိုးမှာ ဖြစ်တတ်တဲ့ ရောဂါတခု ဖြစ်ပြီး ကမ္ဘာပေါ်မှာ ရုတ်တရတ် လူသေဆုံးမှု အများဆုံး ဖြစ်ပေါ်စေတဲ့ လက်သည်တရားခံလည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အဲရစ်ဆင် ရုတ်တရတ် လဲကျသွားချိန်မှာ ဒိန်းမတ်အသင်းရဲ့ ကစားသမားတွေဟာ အဲရစ်ဆင်ရဲ့ နှလုံးကြွက်သားတွေ ပုံမှန် အလုပ်လုပ်နိုင်အောင် အရေးပေါ် ကယ်ဆယ်မှုတွေ ပြုလုပ်ပေးခဲ့ပြီး ဒိန်းမတ်အသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်သူ ကယ်ဂျာကတော့ အဲရစ်ဆင်ရဲ့ အသက်ကယ်ကို ကယ်ပေးခဲ့တဲ့ လူတဦးပဲ ဖြစ်ပါတယ်။

Photo Credit: Standard

ကယ်ဂျာဟာ အဲရစ်ဆင် ရုတ်တရတ် လဲကျသွားချိန်မှာ အဲရစ်ဆင်အနေနဲ့ လျှာမကိုက်မိအောင် ဦးစွာ ပြုလုပ်ပေးခဲ့ပြီး အဲ့ဒီနောက် အသက်ရှူလမ်းကြောင်း ပုံမှန် ပြန်ဖြစ်အောင် ခန္ဓာကိုယ် အနေအထားကို ပြုပြင်ပေးခြင်း ၊ အရေးပေါ် အသက်ကယ်မှု ဖြစ်တဲ့ CPR (နှလုံးပြန်ခုန်အောင် လုပ်ခြင်း) တို့ကို ဆေးအဖွဲ့တွေ ရောက်မလာခင်မှာ အချိန်မီ ပြုလုပ်ပေးခဲ့ပါတယ်။ ကယ်ဂျာဟာ အဲရစ်ဆင်ကို အရေးပေါ် အသက်ကယ်မှု ခပ်မြန်မြန် လုပ်ဆောင်ပေးခဲ့တာကြောင့် ဆေးအဖွဲ့ ရောက်လာချိန်မှာ အဲရစ်ဆင်ကို အောက်ဆီဂျင်ပေးတာတွေ ၊ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေကို ဆက်လက် လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပြီး အကယ်၍ အဲရစ်ဆင်ကိုသာ CPR လုပ်ဖို့ နောက်ကျခဲ့တာဖြစ်ဖြစ် (သို့) အသက်ရှူလမ်းကြောင်း ပုံမှန်ပြန်ဖြစ်အောင် မလုပ်ပေးနိုင်ခဲ့ရင် အဲရစ်ဆင်ရဲ့ အခြေအနေဟာ ယခုထက် ပိုပြီး ဆိုးဝါးနေမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့ အနေနဲ့ ဒိန်းမတ်အသင်းရဲ့ အသင်းခေါင်းဆောင် ကယ်ဂျာကို ဂန္တဝင် အသင်းခေါင်းဆောင် တဦးအဖြစ် ဂုဏ်ပြုပါကြောင်း တင်ဆက်လိုက်ပါရစေ။