မနေ့ညက ကျင်းပလို့သွားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်အတွင်းမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး အသင်းအတွက် (၆)ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကြီးကို အရယူပေးခဲ့တဲ့ ပြင်သစ်တောင်ပံကစားသမား ကင်စလေကိုးမန်းဟာ အသင်းအတွက် ကြီးမားလှတဲ့ အောင်ပွဲကြီးတစ်ခုကို ယူဆောင်နိုင်ခဲ့တာဖြစ်သလို သူရဲ့ကစားသမားဘဝ ပထမဆုံးသော ချန်ပီယံလိဂ်ဖလားကြီးကို ပိုင်ဆိုင်ရနိုင်အောင် စွမ်းဆောင်ခဲ့တာဖြစ်ပြီး ဒီဆုဖလားကလည်း သူ့အတွက် အကြိမ်(၂၀)မြောက် အဓိကဆုဖလားတစ်လုံး ဖြစ်လာခဲ့ရပါတယ်။

Photo Credit : beIN Sports

အသက်(၂၄)နှစ်အရွှယ်သာရှိသေးတဲ့ ပြင်သစ်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ကိုးမန်းဟာ ပဲရစ်မြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး မနေ့ညက သူကိုယ်တိုင် အသည်းခွဲခဲ့တဲ့ ပီအက်စ်ဂျီအသင်းမှာ သူရဲ့စီနီယာကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီနဲ့အတူ ပြင်သစ်လီဂူးဖလားကို (၂)ရာသီဆက်တိုက် ပိုင်ဆိုင်ခဲ့ရသလို Coupe de la Ligue လို့ခေါ်တဲ့ ပြင်သစ်လိဂ်ဖလားကိုလည်း တစ်ကြိမ်နဲ့ Trophée des Champions ဆိုတဲ့ ပြင်သစ်စူပါဖလားကို တစ်ကြိမ်စီ ဆွတ်ခူးခဲ့သေးပြီး အဲ့ဒီကနေတစ်ဆင့် ဂျုဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက်မှာလည်း ဆုဖလားပိုင်ဆိုင်မှုတွေက အဆက်မပြတ် ရှိနေခဲ့ရပါသေးတယ်။

Photo Credit : Euro Sports

ကိုးမန်းဟာ ဂျုဗင်တပ်စ်အသင်းဆီကို ရောက်ရှိလာချိန်မှာလည်း အီတလီစီးရီးအေချန်ပီယံဆုကို နှစ်ရာသီဆက်တိုက် ပိုင်ဆိုင်ခဲ့သေးတဲ့အပြင် ကိုပါအီတလီယာဖလားနဲ့ အီတလီစူပါဖလားတို့ကို တစ်ကြိမ်စီ ထပ်မံပိုင်ဆိုင်နိုင်ခဲ့ပါသေးတယ်။ ဂျုဗင်တပ်စ်အသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီးနောက်မှာလည်း ဂျာမန်ဘွန်ဒစ်လီဂါဖလားကို (၅)ရာသီဆက်တိုက် ပိုင်ဆိုင်နိုင်ခဲ့သေးပြီး ပိုကယ်ဖလား(၃)ကြိမ် ဂျာမန်စူပါဖလား(၃)ကြိမ်နဲ့ အခုလက်ရှိ ချန်ပီယံလိဂ်ဖလားကိုပါ စတင်ပိုင်ဆိုင်နိုင်ခဲဲ့ရပါတယ်။ ကစားသမားဘဝမှာ တစ်ဦးချင်းဆုတွေ များများစားစား မပိုင်ဆိုင်ထားရပေမယ့် ဘောလုံးသမားတိုင်း ရလေ့ရထမရှိတဲ့ တစ်ရာသီအတွင်း ဖလား(၃)လုံးချန်ပီယံ ဖြစ်လာခဲ့သလို ပိုပြီးထူးခြားတာတစ်ခုက ၂၀၁၂-၂၀၁၃ ဘောလုံးရာသီကနေစပြီး အမှတ်ပေးဆုဖလားတွေကို ဆက်တိုက်ပိုင်ဆိုင်ခဲ့သလို အသက်(၂၄)နှစ်အရွယ်မှာပဲ ပြင်သစ်လီဂူးချန်ပီယံ အီတလီစီးရီးအေချန်ပီယံ ဂျာမန်ဘွန်ဒစ်လီဂါချန်ပီယံနဲ့ ဥရောပချန်ပီယံလိဂ်ချန်ပီယံဆုတွေကို အသီးသီး ဆွတ်ခူးနိုင်ခဲ့ရပါတယ်။ လက်ရှိအချိန်မှာ ဘိုင်ယန်ကို ဆာနေးရောက်ရှိလာခဲ့ပြီဖြစ်လို့ အသင်းမှာ အနာဂတ်မသေမချာ ဖြစ်နေရတဲ့ ကိုးမန်းဟာ သူရဲ့ဆုဖလားအောင်မြင်မှုတွေကို နောက်ရာသီတွေမှာ ဆက်လက်အသက်သွင်းဦးမလားဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။