မနက်ဖြန်ည(၁)နာရီခွဲအချိန်မှာ ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့က စပို့တင်းလစ္စဘွန်းအသင်းရဲ့အိမ်ကွင်း Estádio da Luz ကွင်းမှာ ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းတို့က ဥရောပချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြတော့မှာဖြစ်ပြီး ဒီပွဲအတွက် တစ်ကမ္ဘာလုံးက ဘောလုံးချစ်ပရိသတ်များက ရင်ခုန်စိတ်လှုပ်ရှားလျက် ရှိနေကြသလို ဒီပွဲမှာ ပါဝင်ဆင်နွဲကြမယ့် ဘောလုံးသမားတွေဟာလည်း ချန်ပီယံလိဂ်ဖလားကြီးကို ပိုင်ဆိုင်နိုင်ဖို့အတွက် စိတ်လှုပ်ရှားနေကြမှာ သေချာနေပါတယ်။

ဖိုင်နယ်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပါဝင်ကစားရဖွယ်ရှိနေတဲ့ ပြင်သစ်လက်ရွေးစင် တောင်ပံကစားသမား ကင်စလေကိုးမန်းကတော့ သူရဲ့အသင်းဟောင်းဖြစ်ခဲ့ဖူးတဲ့ ပီအက်စ်ဂျီအသင်းနဲ့ ပြန်လည်ရင်ဆိုင်ရမှာဖြစ်သလို သူနဲ့တစ်နိုင်ငံသားတည်းတွေဖြစ်တဲ့ ဘာပေ ကင်ဘမ်ပေတို့နဲ့လည်း ထိပ်တိုက်ပြန်လည်တွေ့ဆုံရမှာဖြစ်ပါတယ်။ ဒီလို ထိပ်တိုက်တွေ့ဆုံကြတော့မယ့် ကိုးမန်းရဲ့ပြင်သစ်အသင်းဖော် ပီအက်စ်ဂျီတိုက်စစ်ကစားသမား ကီလီယန်အမ်ဘာပေကို ကမ္ဘာပေါ်မှာ ပြေးအားကောင်းလှတဲ့ ဘောလုံးသမားတစ်ယောက်အဖြစ် သတ်မှတ်ထားပေမယ့်လည်း ကိုးမန်းကတော့ သူရဲ့နိုင်ငံအသင်းဖော်ထက် သူရဲ့ကလပ်အသင်းဖော်ကသာ အပြေးပိုမြန်တယ်လို့ ကစားသမားတစ်ယောက်လို့ ပြောဆိုလာခဲ့ပါတယ်။

 

ကိုးမန်းက “အမ်ဘာပေက အရမ်းမြန်တဲ့ ကစားသမားတစ်ယောက်ပါ။ ဒါပေမယ့် အယ်ဖွန်ဆိုဒေးဗီစ်က သူ့ထက်တောင် ပိုမြန်ပါသေးတယ်။ သူက အမြန်ဆုံးပါပဲ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အသက်(၂၄)နှစ်အရွှယ်ရှိ တောင်ပံကစားသမားကိုးမန်းဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး ၂၀၀၄ခုနှစ်မှာပဲ ပီအက်စ်ဂျီအကယ်ဒမီဆီကို ရောက်ရှိလာခဲ့တာဖြစ်ကာ လူငယ်အသင်းမှာ (၉)နှစ်လောက်ကစားပြီးတဲ့နောက် ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလမှာပဲ စီနီယာကစားသမားဘဝကို စတင်ခွင့်ရခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီစီနီယာကစားသမားဘဝ စတင်ခဲ့ပြီး သိပ်မကြာခင်မှာပဲ ဂျုဗင်တပ်စ်အသင်းဆီကို ရောင်းချခံခဲ့ရပြီး ဂျုဗင်တပ်စ်မှာလည်း နေရာပျောက်ဆုံးနေခဲ့ရတဲ့ ကိုးမန်းကို ဘိုင်ယန်မြူးနစ်ကနေ (၂)ရာသီအငှားနဲ့ ခေါ်ယူခဲ့ကာ အငှားစာချုပ်ပြည့်ချိန်မှာလည်း အပြီးသတ်ခေါ်ယူဖြစ်ခဲ့ပါတယ်။ အခုလို အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ရတော့မယ့်အပေါ် ကိုးမန်းက “ပဲရစ်မြို့မှာရှိခဲ့ဖူးတဲ့ အမှတ်တရတွေအားလုံးက အတိတ်မှာ ကျန်ရစ်ခဲ့ပါပြီ။ ကျွန်တော် အဲ့ဒီနေရာမှာ ကြီးပြင်းခဲ့တယ်။ ဘောလုံးစတင်ကစားခဲ့တယ်ဆိုပေမယ့်မယ့် ဒါတွေက ကြာခဲ့ပါပြီ။ ကျွန်တော်ရဲ့စိတ်ဓါတ်နဲ့ နှလုံးသားက ဘိုင်ယန်အတွက် ရာနှုန်းပြည့်ရှိနေပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။