MySport Myanmar

ကမ္ဘာ့ဖလား ကနေ ထွက်ခဲ့ရလို့ အရမ်းကို နာကျင်ရကြောင်း ဖွင့်ဟလာတဲ့ ကင်းမစ်ချ်

ကမ္ဘာ့ဘောလုံး အင်အားကြီးနိုင်ငံ တနိုင်ငံ ဖြစ်တဲ့ ဂျာမဏီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စုနောက်ဆုံးပွဲမှာ ကော်စတာရီကာကို ၄-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့် တဖက်မှာ ဂျပန်က မထင်မှတ်ပဲ စပိန်ကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရသွားခဲ့တာကြောင့် အုပ်စု တတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပြီး အိမ်ပြန်ခဲ့ရပါတယ်။

ဂျာမဏီက ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်မှာ စပိန် ၊ ဂျပန် ၊ ကော်စတာရီကာ စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်ခဲ့ရာ စပိန်ကို သရေကစားနိုင်ခဲ့သလို ကော်စတာရီကာကိုလည်း အနိုင်ရခဲ့ပေမယ့် အုပ်စုအဖွင့်ပွဲမှာ ဂျပန်ကို မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ကြောင့် အုပ်စုအဆင့်ကနေ ပြုတ်ခဲ့ရတာပါ။

Photo Credit: Bein Sports

ဂျာမဏီက ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရတဲ့ ဒုတိယမြောက် နာမည်ကြီးအသင်း ဖြစ်ပြီး သူတို့ရဲ့ အရှေ့မှာ ဒီဘရိုင်း ၊ ဟာဇက်နဲ့ လူကာကူတို့ ဦးဆောင်လာတဲ့ ဘယ်လ်ဂျီယံကလည်း ကမ္ဘာ့ဖလား အုပ်စုနောက်ဆုံးပွဲမှာ ခရိုအေးရှားကို အနိုင်မရခဲ့တာကြောင့် အုပ်စုအဆင့် ကနေ လှည့်ပြန်ခဲ့ရပြီးပါပြီ။

ဂျာမဏီ ၄-၂ ကော်စတာရီကာ ပွဲစဉ်အပြီးမှာ ရမှတ် ၄မှတ် အထိ စုဆောင်းနိုင်ခဲ့ပေမယ့် မထင်မှတ်ပဲ အုပ်စုအဆင့် ကနေ ပြုတ်သွားခဲ့လို့ ဂျာမဏီ အသင်းသားတွေဟာ အတော်လေးကို ဝမ်းနည်း ကြေကွဲနေကြပြီး ဂျာမဏီရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ကင်းမစ်ချ်ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရတဲ့ ဒီနေ့ဟာ သူ့ရဲ့ ကစားသမား ဘဝမှာ အခက်ခဲဆုံး နေ့တရက် ဖြစ်ကြောင်း ထုတ်ပြောလာပါတယ်။

Photo Credit: Bein Sports

ကင်းမစ်ချ်က – “ကျွန်တော့်အတွက် ဒီနေ့က ကစားသမား ဘဝမှာ အခက်ခဲဆုံး နေ့တနေ့ပါပဲ။ ကျွန်တော်က တွင်းတခုထဲ ကျသွားမှာကို ကြောက်သလို ဒီနေ့အဖြစ်အပျက်တွေကို ကြောက်နေမိပါပြီ။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့် ကနေ လှည့်ပြန်ခဲ့ရတာကြောင့် ကျွန်တော်နဲ့ ကျရှုံးမှုတွေက ဒွန်တွဲနေပြီလား ဆိုတာကိုပါ တွေးမိနေပါတယ်။ ကျွန်တော်တို့က ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရသလို အခုလည်း ထွက်ခဲ့ရပြန်ပါပြီ။ ကြားထဲမှာ ကစားခဲ့တဲ့ ယူရိုပြိုင်ပွဲမှာလည်း အစောပိုင်း အဆင့်တွေမှာပဲ ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။ ဒါက အတော်လေးကို ကြေကွဲဖို့ ကောင်းပါတယ်။ ကျွန်တော်တို့အသင်းက ပြီးခဲ့တဲ့ ၄နှစ်တာ ကာလအတွင်းမှာ အခွင့်အရေးကောင်းတွေ အများကြီးကို လက်လွှတ်မိခဲ့တာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

Exit mobile version