MySport Myanmar

အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားခြင်း မရှိတဲ့ ကင်မစ်ခ်

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂျာမနီ ကွင်းလယ်ကစားသမား ဂျိုရှုအာ ကင်မစ်ခ်ဟာ လာမယ့်နွေမှာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲကမှ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ကစားဖို့ စိတ်ဝင်စားခြင်း ရှိမနေဘူးလို့ ဂျာမနီသတင်းစာ Blid ကနေ သတင်းဖော်ပြလာခဲ့ပါတယ်။

အသက်(၃၀)အရွယ် ဂျာမနီ လက်ရွေးစင် ကွင်းလယ်လူ ကင်မစ်ခ်ဟာ ဒီဇွန်လမှာပဲ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး ဘိုင်ယန်ဘက်က သူတို့ကစားသမားကို စာချုပ်သစ် တိုးမြှင့်ချုပ်ဆိုဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း လုပ်ခလစာအပိုင်းမှာ သဘောတူညီမှု မရသေးဘဲ အဆင်မပြေ ဖြစ်နေရပါတယ်။

Photo Credit : Sky Sports

ဒီအချိန်မှာ ဘိုင်ယန်နဲ့ ကင်မစ်ခ်တို့ရဲ့ အခြေအနေကို ကလပ်အသင်းတိုင်းက အနီးကပ် စောင့်ကြည့်လာကြပြီး ဒီအသင်းတွေထဲမှာ အာဆင်နယ်လည်း ပါဝင်လာခဲ့ပါတယ်။ အာဆင်နယ်က နွေမှာ ဂျော်ဂျင်ဟိုနဲ့ ပါတေးတို့လို ကွင်းလယ်လူတွေကို လက်လွတ်သွားရဖို့ ရှိနေတာကြောင့် ဒီကစားသမားတွေ နေရာအတွက် ကင်မစ်ခ်ကို ချိန်ရွယ်လာခဲ့ပါတယ်။

အာဆင်နယ်က အသင်းကွင်းလယ်ပိုင်းအတွက် ဆိုစီဒက်ရဲ့ စပိန် ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီကို ခေါ်ယူဖို့ အခြေအနေတစ်ခုအထိ အလားအလာကောင်းနေတဲ့အပြင် အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကင်မစ်ခ်ကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားနိုင်ဖို့ ပစ်မှတ်ထားနေသလို အေးဂျင့်တွေနဲ့ပါ ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

Photo Credit : Arsenal Insider

ဒါပေမယ့် Blid သတင်းမီဒီယာရဲ့ ဖော်ပြချက်မှာတော့ ကင်မစ်ခ်ဟာ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားခြင်း ရှိမနေဘဲ လက်ရှိကလပ် ဘိုင်ယန်နဲ့ စာချုပ်သက်တမ်းတိုးဖို့ ဒါမှမဟုတ် သူ့ကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲကမှ ပီအက်စ်ဂျီအသင်းကို ရွေးချယ်ဖို့သာ အခြေအနေ ပိုများနေရပါတယ်။

ကင်မစ်ခ်ကို အာဆင်နယ် ချယ်လ်ဆီး လီဗာပူးလ် ရီးယဲလ် ဘာစီလိုနာ ပီအက်စ်ဂျီတို့က အပြိုင်အဆိုင် စိတ်ဝင်စားနေကြပေမယ့် ကင်မစ်ခ်က ဘိုင်ယန်ကနေ ထွက်ခွာဖြစ်မယ်ဆိုရင် သူ့အတွက် လုပ်ခလစာအပြင် ဘောလုံးပရောဂျက်ကောင်းတွေ ရှိနေတဲ့ ပီအက်စ်ဂျီအသင်းကို ဦးစားပေး ရွေးချယ်သွားဖို့ ရှိနေပြီး ဘယ်အသင်းဆီ ရောက်သွားမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Exit mobile version