နာပိုလီအသင်းရဲ့ တောင်ကိုရီးယား လက်ရွေးစင် နောက်ခံ ကစားသမား ကင်မင်ဂျေးဟာ အခုဆိုရင် ဘိုင်ယန်မြူးနစ်အသင်းဆီကို ပြောင်းရွှေ့ကစားဖို့ အနီးစပ်ဆုံး ဖြစ်နေသလို သူနဲ့ ဘိုင်ယန်ကြား သဘောတူညီမှု ရယူနိုင်ဖို့ဟာလည်း နောက်ဆုံးအဆင့်ထိကို ရောက်ရှိနေပြီလို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။

Image

Photo Credit : Twitter

နွေအပြောင်းအရွှေ့ ဈေးကွက်မဖွင့်ခင် ကတည်းက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သတင်းတွေ တောက်လျှောက် ထွက်ပေါ်ခဲ့တဲ့ ကင်မင်ဂျေးဟာ အခုတော့ ဘိုင်ယန်ကို ရောက်ရှိဖို့သာ အခြေအနေ များသွားခဲ့ပါပြီ။ ပြီးခဲ့တဲ့ရာသီကမှ ဖီနာဘာချီကနေ နာပိုလီကို ရောက်ပြီး စီးရီးအေ ချန်ပီယံဆုပါ ပိုင်ဆိုင်နိုင်ခဲ့ရသလို စီးရီးအေရဲ့ အကောင်ဆုံး ခံစစ်ကစားသမားဆုပါ ပိုင်ဆိုင်ခဲ့တဲ့ ကင်မင်ဂျေးဟာ အခုတော့ နာပိုလီနဲ့ တစ်ရာသီသာ လက်တွဲလို့အပြီးမှာပဲ အသင်းကနေ ပြန်လည် ထွက်ခွာရဖို့ နီးစပ်နေသလို ဂျာမန် ဘီလူးကြီးဆီ ရောက်ရှိဖို့လည်း နီးစပ်နေပါပြီ။

Photo Credit : TEAMtalk

ကင်မင်ဂျေးကို ပရီးမီးယားလိဂ် မန်ချက်စတာယူနိုက်တက် ချယ်လ်ဆီး လီဗာပူးလ် နယူးကာဆယ်တို့အပြင် ပီအက်စ်ဂျီ ဘိုင်ယန်မြူးနစ်အသင်းတွေကပါ စိတ်ဝင်စားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဘိုင်ယန်ရဲ့ ခပ်သွက်သွက် လှုပ်ရှားမှုတွေကြောင့် ကင်မင်ဂျေးက ဘိုင်ယန်ကိုသာ ရွေးချယ်သွားဖို့ ရှိနေပါတယ်။ ပထမတော့ ကင်မင်ဂျေးဟာ မန်ယူနိုက်တက်နဲ့ သတင်းထွက်ပေါ်ခဲ့ပေမယ့်လည်း ယူနိုက်တက်က ကွင်းလယ် နဲ့ တိုက်စစ်ပိုင်းကိုသာ ဦးစားပေးနေတာဖြစ်လို့ ကင်မင်ဂျေးအတွက် ကြိုးစားမှု မရှိရာကနေ အခုလို ဘိုင်ယန်က ကြားဖြတ် လုပ်ဆောင်ခဲ့ရာ နောက်ဆုံးမှာတော့ ကင်မင်ဂျေးက ဘိုင်ယန်မှ ဘိုင်ယန် ဖြစ်သွားခဲ့ရပါတယ်။

အခုတော့ ကင်မင်ဂျေးက ဘိုင်ယန်ရဲ့ (၅)နှစ်သက်တမ်းရှိ ကမ်းလှမ်းမှုကို လက်ခံသွားဖို့ နီးစပ်နေပြီး ဇူလိုင်လ (၁)ရက်နေ့မှာ စတင်ပြီး သက်ရောက်လာမယ့် သူရဲ့စာချုပ်လျော်ကြေးအတိုင်း တခြား ကလပ်အသင်းတွေက ကမ်းလှမ်းလာမယ် နောက်ပြီး ဘိုင်ယန်ထက် ပိုမြင့်မားတဲ့ ကမ်းလှမ်းမှုတွေနဲ့ ကမ်းလှမ်းလာမယ်ဆိုရင်တောင် သူက ဘိုင်ယန်ကိုပဲ ရွေးချယ်သွားမယ်လို့ သိရပါတယ်။