ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့ကောလဟာလသတင်းတွေ အတော်လေးကို ထွက်ပေါ်ခဲ့တဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ ညာနောက်ခံကစားသမား ကီရန်ထရစ်ပီယာဟာ အသင်းအပြောင်းအလဲ မလုပ်ခဲ့ရပဲ အသက်လက်တီကိုအသင်းမှာသာ ဆက်လက်ရှိနေခဲ့ရပေမယ့်လည်း ထရစ်ပီယာကိုယ်တိုင်ကတော့ ယူနိုက်တက်ဆီကို ပြောင်းရွှေ့ရဖို့ စိတ်ဝင်စားလျက် ရှိနေသေးတယ်လို့ စပိန်နာမည်ကျော် သတင်းစာ AS ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sky Sports

အသက်(၃၁)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် နောက်ခံအစွန်လူ ထရစ်ပီယာဟာ ၂၀၁၉ခုနှစ်ကမှ စပါးအသင်းကနေ အသက်လက်တီကိုမက်ဒရစ်ဆီ ပြောင်းရွှေ့့ခဲ့တာဖြစ်ပြီး လက်ရှိမှာ အသင်းနဲ့ တတိယမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ ထရစ်ပီယာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အသက်လက်တီကိုအသင်းနဲ့ စပိန်လာလီဂါ ချန်ပီယံဆုဖလားကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပေမယ့် သူရဲ့အမိမြေ အင်္ဂလန်မြေကို ပြန်သွားချင်နေပြီး သူ့ကို အလိုရှိနေတဲ့ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ကစားချင်နေပါတယ်။ ယူနိုက်တက်ဘက်ကလည်း ထရစ်ပီယာကို ခေါ်ယူချင်နေပေမယ့် အသက်လက်တီကိုဘက်က သူတို့ရဲ့ အဓိက ကစားသမားဖြစ်တဲ့ ထရစ်ပီယာကို ရောင်းချသွားဖို့ ဆန္ဒမရှိပဲ အသင်းမှာသာ ဆက်လက်ထိန်းသိမ်းထားဖို့ပဲ ဆုံးဖြတ်သွားခဲ့ပါတယ်။

Photo Credit : Daily Express

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေစျေးကွက်တုန်းက ထရစ်ပီယာကို ခေါ်ယူဖို့အတွက် အာဆင်နယ်အသင်းနဲ့အပြိုင် ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် အသက်လက်တီကိုအသင်းက ငြင်းဆန်ခဲ့တာကြောင့် အာဆင်နယ်က ဂျပန်နောက်ခံအစွန်လူ တိုမီယာစုကို ခေါ်ယူခဲ့ရသလို ယူနိုက်တက်ကလည်း ဒါလော့ကို အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားခဲ့ရပါတယ်။ လက်ရှိမှာ ထရစ်ပီယာကို ပိုင်ရှင်အပြောင်းအလဲ ဖြစ်ထားခဲ့တဲ့ နယူးကာဆယ်အသင်းကပါ ထရစ်ပီယာကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေသလို ဝမ်ဘစ်ဆာခါရဲ့ လတ်တလောခြေစွမ်း ကျဆင်းနေရတာကြောင့် ယူနိုက်တက်ကလည်း ထရစ်ပီယာကို ထပ်မံကမ်းလှမ်းလာဖွယ် ရှိနေရပါတယ်။ မန်စီးတီးလူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တဲ့ ထရစ်ပီယာဟာ ဘန်လေ စပါးအသင်းတွေနဲ့အတူ ပရီးမီးယားလိဂ်မှာ နှစ်အတန်ကြာ ဖြတ်သန်းခဲ့သူဖြစ်လို့ သူ့ကို မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ်အသင်းတွေကနေ အလိုရှိနေတာဖြစ်ပြီး လတ်တလောမှာတော့ ထရစ်ပီယာက ဗလင်စီယာနဲ့ အသက်လက်တီကိုအသင်းတို့ တစ်ဖက်(၃)ဂိုးစီ သရေကျထားခဲ့တဲ့ ပွဲစဉ်အစောပိုင်းမှာပဲ ဆိုးရွှားတဲ့ ဒဏ်ရာပြသာနာ ရရှိခဲ့ကာ ရက်အတန်ကြာ အနားယူရဖွယ် ရှိနေပါတယ်။