အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်သူ ဒီယေဂိုဆီမြွန်နီက လာမယ့် ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့ စျေးကွက်ကာလအတွင်း အသင်းရဲ့ ညာနောက်ခံကစားသမားဖြစ်တဲ့ ကီရန်ထရစ်ပီယာကို ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းဖြစ်တဲ့ နယူးကာဆယ်ယူနိုက်တက်အသင်းဆီ ရောင်းချသွားဖို့ အဆင်သင့် ရှိလို့နေပြီး ကစားသမားအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၁၅)သန်းနဲ့ ကစားသမားကို မရောင်းချခင် သူ့နေရာမှာ အစားထိုးနိုင်မယ့် ကစားသမားတစ်ဦးကို ရရှိမယ်ဆိုရင် ထရစ်ပီယာကို အင်္ဂလန်မြေဆီ ချက်ချင်းပို့ဆောင်သွားမယ်လို့ သိရှိရပါတယ်။

Photo Credit : 90Min

အသက်(၃၁)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် နောက်ခံအစွန်လူ ထရစ်ပီယာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အသက်လက်တီကိုအသင်းနဲ့ စပိန်လာလီဂါ ချန်ပီယံဆုကို ရယူခဲ့ပြီးနောက်ပိုင်း စပိန်ကနေ အင်္ဂလန်မြေဆီ ပြန်သွားဖို့ နီးစပ်ခဲ့သေးသလို သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေထဲကမှ မန်ချက်စတာယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖို့လည်း နီးစပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် အသင်းမပြောင်းဖြစ်ခဲ့တဲ ထရစ်ပီယာဟာ အသက်လက်တီကိုအသင်းနဲ့ပဲ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီကို ဆက်လက်ဖြတ်သန်းနေရင်း ဆော်ဒီမင်းသား ပိုင်ဆိုင်ထားတဲ့ နယူးကာဆယ်အသင်းဘက်ကနေ ထရစ်ပီယာကို ခေါ်ယူဖို့ အစွမ်းကုန် ကြိုးပမ်းလာခဲ့တာကြောင့် အသက်လက်တီကိုဘက်က သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၁၅)သန်းနဲ့ ကမ်းလှမ်းရမယ်လို့ စတင်အသိပေးလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Daily Mail

၂၀၁၉ခုနှစ်ကတည်းက စပါးအသင်းကနေ အသက်လက်တီကိုအသင်းဆီကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ထရစ်ပီယာဟာ စပိန်မြေမှာလည်း သူရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင််ခဲ့ပြီး အသင်းနဲ့အတူ အမှတ်ပေးချန်ပီယံဆုကိုပါ ရယူနိုင်ခဲ့တဲ့ ပရိသတ်အကြိုက် ကစားသမားတစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် ထရစ်ပီယာဟာ ဒီနှစ်ဘောလုံးရာသီမှာ ပခုံးဒဏ်ရာကြောင့် အသင်းရဲ့ ပွဲအနည်းငယ်ကို လွဲချော်ထားခဲ့ရုံကလွဲပြီး ပွဲအများစုမှာ ပါဝင်ကစားထားရတာကြောင့် အသင်းပရိသတ်တွေက သူ့လို ကစားသမားမျိုးကို အသင်းမှာသာ ဆက်လက်ရှိနေချင်တာ ဖြစ်ပေမယ့်လည်း အသက်လက်တီကိုနည်းပြ ဆီမြွန်နီကတော့ ထရစ်ပီယာရဲ့နေရာမှာ သင့်တော်တဲ့ အစားထိုးမှု ပြုလုပ်နိုင်ခဲ့မယ်ဆိုရင် နောက်ပြီး ထရစ်ပီယာအတွက် ပေါင်(၁၅)သန်းနဲ့ ကမ်းလှမ်းမယ်ဆိုရင် ထရစ်ပီယာကို အသင်းကနေ လက်လွတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ နယူးကာဆယ်ဘက်ကနေလည်း ထရစ်ပီယာဟာ သူတို့ အမှန်တကယ်ကို အလိုရှိနေတဲ့ ကစားသမားဖြစ်နေတဲ့အတွက် အသက်လက်တီကို အလိုရှိနေတဲ့ ပေါင်(၁၅)သန်းနဲ့ သေချာပေါက် ကမ်းလှမ်းလာမှာဖြစ်ပြီး လာမယ့် ဆောင်းစျေးကွက်အတွင်းမှာပဲ နောက်ထပ် ကစားသမားသစ်တွေကို ဆက်တိုက်ခေါ်ယူဖွယ် ရှိနေပါတယ်။