ဒီနှစ်နွေစျေးကွက်အတွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ အရခေါ်ယူသွားဖို့ သတင်းထွက်ပေါ်နေတဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ ညာနောက်ခံကစားသမား ကီရန်ထရစ်ပီယာဟာ လတ်တလောမှာတော့ ယူနိုက်တက်အသင်း တည်ရှိရာ မန်ချက်စတာမြို့ထဲမှာ နေအိမ်ရှာဖွေလျက် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လို့နေပြီး ယူနိုက်တက်အသင်းဆီ ရောက်ရှိလာဖို့ နီးစပ်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : The Busby Bee

အသက်(၃၀)အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် နောက်ခံအစွန်လူ ထရစ်ပီယာဟာ ၂၀၁၉ခုနှစ်ကမှ စပါးအသင်းကနေ အသက်လက်တီကိုမက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကလည်း အသင်းနဲ့အတူ စပိန်လာလီဂါဆုဖလားကြီးကို ပိုင်ဆိုင်ခဲ့တဲ့အပြင် လာလီဂါပြိုင်ပွဲရဲ့ တစ်ရာသီအတွင်း အကောင်းဆုံးအသင်းမှာပါ ထည့်သွင်းရွေးချယ်ခံခဲ့ရပါတယ်။ ဒါပေမယ့် ကစားသမားဖြစ်သူကတော့ အင်္ဂလန်ကို ပြန်သွားဖို့ ဆန္ဒရှိနေတာကြောင့် ယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံသွားဖွယ် ရှိနေတာဖြစ်ပါတယ်။

Photo Credit : Sky Sport

ယူနိုက်တက်အသင်းကလည်း အသင်းရဲ့ညာခြမ်းခံစစ်နေရာမှာ အာရွန်ဝမ်ဘစ်ဆာခါတစ်ဦးတည်း ရှိနေတဲ့အတွက် နောက်ထပ်ညာခြမ်းခံစစ်ကစားသမားတစ်ယောက်ကို အလိုရှိနေတာဖြစ်ပြီး ယခင်ကတည်းက အသင်းရဲ့ပစ်မှတ်ဖြစ်ခဲ့ဖူးတဲ့ ထရစ်ပီယာကို အဓိကပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။ မန်စီးတီး လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တဲ့ ထရစ်ပီယာဟာ ဘန်လေ စပါးအသင်းတွေနဲ့အတူ ပရီးမီးယားလိဂ် အတွေ့အကြုံကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ ကစားသမားတစ်ယောက်ဖြစ်သလို လက်ရှိ အသက်လက်တီကိုအသင်းမှာ အဓိက ကစားသမားတစ်ယောက်အဖြစ် ရပ်တည်နေသူလည်းဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို အသက်လက်တီကိုအသင်းဘက်က အသင်းကနေ ရောင်းထုတ်သွားဖို့ ဆန္ဒမရှိပေမယ့်လည်း ကစားသမားဘက်ကတော့ အင်္ဂလန် ပရီးမီးယားလိဂ်မှာ ပြန်ကစားချင်နေသလို ငယ်စဉ်ကတည်းက ယူနိုက်တက်အသင်းကို အားပေးခဲ့သူလည်း ဖြစ်တဲ့အတွက် ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို လက်ခံသွားချင်နေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ထရစ်ပီယာဟာ သူရဲ့ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ ယူရို-၂၀၂ဝပြိုင်ပွဲကြီးကို ဝင်ရောက်ဆင်နွဲသွားဖို့ ရှိနေတဲ့အတွက် ဒီပြိုင်ပွဲကြီး ပြီးမှသာ သူရဲ့အနာဂတ်အတွက် ဆုံးဖြတ်ချက်ချသွားဖွယ် ရှိနေပါတယ်။