MySport Myanmar

ဘယ်ခြမ်းခံစစ်အတွက် အာဆင်နယ်ရဲ့ တီယာနေးကိုပါ ပစ်မှတ်ထားနေတဲ့ မန်စီးတီး

တိုက်စစ်ပိုင်းအတွက် အာလင်းဟော်လန်း ယူလီယန်အဲလ်ဗာရက်ဇ်တို့ကို ခေါ်ယူအားဖြည့်ထားပြီး ကွင်းလယ်ခံစစ်ပိုင်းအတွက်ကိုလည်း ကယ်လ်ဗင်ဖီးလစ်ကို ခေါ်ယူသွားချင်နေတဲ့ မန်ချက်စတာစီးတီးအသင်းဟာ အသင်းရဲ့ ဘယ်ခြမ်းခံစစ်နေရာအတွက်ကိုပါ အာဆင်နယ်အသင်းရဲ့ စကော့တလန် ဘယ်နောက်ခံလူ ကီရန်တီယာနေးကိုပါ ပစ်မှတ်ထားနေခဲ့တယ်လို့ စကော့သတင်းမီဒီယာတစ်ခုကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Premier League

အသက်(၂၅)နှစ်အရွယ် စကော့တလန် လက်ရွေးစင် ဘယ်နောက်ခံကစားသမားလေး တီယာနေးဟာ အာဆင်နယ်နဲ့ စကော့တလန်အသင်းတွေရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိမှာလည်း ဘယ်နောက်ခံလူတစ်ဦး အလိုရှိနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းရဲ့ အလိုရှိနေတဲ့ ကစားသမားစာရင်းမှာပါ ပါဝင်နေရသူ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ အခုနှစ် နွေဈေးကွက်ထဲမှာ အသင်းရဲ့ ဘယ်ခြမ်းခံစစ် ကစားသမား ဇင်ချန်ကိုကို လက်လွတ်သွားရမယ့် အခြေအနေမျိုး ရှိနေသလို ဘယ်ခြမ်းမှာ အသုံးပြုနေတဲ့ ကန်ဆယ်လိုကလည်း ပုံမှန် left-back player မဟုတ်တာကြောင့် ဘယ်ခြမ်းခံစစ်အတွက် ကစားသမားသစ်တစ်ဦး မဖြစ်မနေ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

Photo Credit : The Celtic Bhoys

မန်စီးတီးအသင်းဟာ left-back position အတွက် ဘရိုက်တန်အသင်းရဲ့ စပိန်ဘယ်နောက်ခံလူ ကူကူရယ်လာကို ခေါ်ယူသွားဖို့အတွက် ကြိုးပမ်းလျက်ရှိနေပေမယ့် ပြီးခဲ့တဲ့နှစ်ကမှ လာလီဂါကနေ ပရီးမီးယားလိဂ်ကို ရောက်လာတဲ့ ကူကူရယ်လာကို ဘရိုက်တန်ဘက်က အလောတကြီး အဆုံးရှုံးမခံလိုတာကြောင့် မန်စီးတီးဘက်က ကူကူရယ်လာထက် တီယာနေးကို ပြောင်းလဲပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၉ခုနှစ်ကတည်းက ဆဲလ်တစ်ကနေ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ တီယာနေးဟာ အသင်းကို စတင်ရောက်ရှိလာကတည်းက အာဆင်နယ်ရဲ့ first line-up မှာ ပါဝင်ခွင့်ရခဲ့သူဖြစ်ပြီး ခြေချင်းဝတ်ဒဏ်ရာအပြင် ဒူးဒဏ်ရာခွဲစိတ်မှုတွေကြောင့် ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း အာဆင်နယ်အတွက် ပြိုင်ပွဲစုံ (၂၄)ပွဲသာ ပါဝင်ခဲ့ရပြီး သွင်းဂိုး(၁)ဂိုးနဲ့ ဂိုးဖန်တီးမှု (၃)ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ တီယာနေးရဲ့ လက်ရှိတန်ကြေးက ယူရို(၃၂)သန်းဝန်းကျင်သာ ရှိပေမယ့်လည်း သူရဲ့လက်ရှိစာချုပ်က ၂၀၂၆ခုနှစ်အထိကို ရှိနေတာဖြစ်သလို အာဆင်နယ်ရဲ့ main player လည်း ဖြစ်နေတာကြောင့် မန်စီးတီးဘက်က တီယာနေးကို ခေါ်ယူနိုင်ဖို့ကလည်း ခက်ခဲရဖွယ် ရှိနေပါတယ်။

Exit mobile version