ဂျာမန်လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလားဆွတ်ခူးဖူးခဲ့သလို ကလပ်အသင်းဟောင်း ရီးရဲလ်မက်ဒရစ်အသင်းနဲ့လည်း ဥရောပချန်ပီယံလိဂ်ဖလားကို ပိုင်ဆိုင်နိုင်ခဲ့ဖူးတဲ့ ဂျာမန်ကွင်းလယ်ကစားသမား ဆာမီခီဒီရာဟာ လက်ရှိမှာတော့ ဂျုဗင်တပ်စ်အသင်းရဲ့ ကစားသမားအဖြစ် ရှိနေပေမယ့်လည်း ကြံခိုင်မှုသိပ်မပြည့်ဝခြင်းကြောင့် သူ့ကို အသင်းဘက်ကနေ ပွဲထွက်ကစားခွင့်တွေ သိပ်ပေးထားခြင်းမရှိသလို ဒီရာသီမှာလည်း အသင်းအတွက် တစ်ပွဲတစ်လေမှ ပါဝင်ကစားထားရသေးခြင်းမရှိလို့ လာမယ့်နွေမှာပဲ အသင်းနဲ့ လက်တွဲဖြုတ်သွားဖွယ်ရှိနေပါတယ်။

Photo Credit : Goal

အသက်(၃၃)နှစ်အရွှယ်ရှိ ဂျာမန်လက်ရွေးစင်ဟောင်း ဝါရင့်ကွင်းလယ်ကစားသမားကြီး ခီဒီရာဟာ ၂၀၁၅ခုနှစ်ကမှ ရီးရဲလ်ကနေ ဂျုဗင်တပ်စ်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး (၅)နှစ်တာကာလအတွင်း အသင်းနဲ့အတူ စီးရီးအေချန်ပီယံဆုကို နှစ်တိုင်းဆွတ်ခူးခဲ့ရပေမယ့် ဒီဘက်နောက်ပိုင်းမှာတော့ ခီဒီရာရဲ့အခန်းကဏ္ဍာက တဖြည်းဖြည်းမှေးမှိန်လာခဲ့ရကာ ပွဲထွက်ကစားခွင့်တွေ အတော်လေး နည်းပါးလာခဲ့ရပါတယ်။ ဒါကြောင့် အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် လာမယ့်၂၀၂၁ခုနှစ် ဇွန်လမှာပဲ ခီဒီရာက ဂျုဗင်တပ်စ်နဲ့ လမ်းခွဲဖွယ်ရှိနေတာဖြစ်ပြီး သူနှစ်သက်ဆုံး လိဂ်တစ်ခုဖြစ်တဲ့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ချင်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Photo Credit : Goal

ခီဒီရာက “ ကျွန်တော် ကလေးဘဝကတည်းက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားရဖို့ အမြဲတမ်း စိတ်ကူးယဉ်ခဲ့ရတယ်။ ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ ကစားသမားဘဝကို ကျေနပ်အားရမိပေမယ့် တစ်ခုတော့ ရှိနေဆဲပဲ။ ဒါကတော့ ကျွန်တော်ရဲ့စိတ်ကူးအိမ်မက်ဖြစ်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားဖို့ပါပံ။ ကျွန်တော်အနေနဲ့ ဒီပြိုင်ပွဲရဲ့ တစိတ်တပိုင်း ဖြစ်လာဖို့အတွက် အမြဲလိုလို အိမ်မက်မက်ခဲ့ရတယ်။ ကျွန်တော်ငယ်ငယ်လေးကတည်းက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပွဲပေါင်းများစွာကို ကြည့်ရှုအားပေးခဲ့သလို အခုထိလည်း ဆက်လက်ကြည့်ရှုနေဆဲပါ။ ချန်ပီယံလိဂ်လို ပြိုင်ပွဲမျိုးမှာလည်း အင်္ဂလန်ကလပ်အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားရတာကို အရမ်းသဘောကျတယ်။ ပရိသတ်တွေရဲ့အားပေးမှုတွေ ကလပ်အသင်းတွေရဲ့ ကစားဟန်တွေက ကျွန်တော့်ကို အရမ်းအားကျစေမိတယ်။ ကျွန်တော်ရဲ့အိမ်မက်တွေအတိုင်း ပရီးမီးယားလိဂ်မှာ သွားရောက်ကစားမိမယ်ဆိုရင်တော့ အရမ်းကို ဝမ်းမြောက်မိစေမှာပါ” လို့ ရှင်းလင်းပြောဆိုခဲ့ပြီး သူအနေနဲ့ ဆရာသမားဟောင်းဖြစ်တဲ့ ဟိုဆေးမော်ရင်ဟိုနဲ့လည်း ပြန်လည်လက်တွဲလိုတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။