UFC ရဲ့ ရှုံးပွဲမရှိ ချန်ပီယံကြီးတစ်ဦးဖြစ်တဲ့ ခါဘစ် ကတော့ မိခင်ဖြစ်သူက ခွင့်ပြုပေးမှသာ သူ့အနေနဲ့ UFC မှာ ပြန်ထိုးသတ်မယ်လို့ ပြောကြားလိုက်ပါတယ်။ UFC လိုက်ဝိတ် ချန်ပီယံဟောင်း ခါဘစ် ဟာ အောက်တိုဘာလ က ကျင်းပခဲ့တဲ့ UFC 254 ပွဲစဉ်မှာ ဂတ်ဂျီကို အနိုင်ယူထိုးသတ်အပြီး ကြိုးဝိုင်းတွေဆီကနေ အနားယူတော့မာ ဖြစ်တဲ့ အကြောင်းကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ သတင်းဟာ MMA လောက အတွင်းမှာ အတော်လေး အုတ်အုတ်သောင်းသောင်း ဖြစ်သွားခဲ့ပြီး တစ်ကမ္ဘာလုံးက အကျော်အမော်တွေ ကိုယ်တိုင်ကတောင် ခါဘစ်ကို ချီးကျူးစကားတွေ ဂုဏ်ပြုစကားတွေ ဆိုခဲ့ကြပါတယ်။

Photo Credit: SportBible

ခါဘစ်ရဲ့ ဖခင်ဖြစ်သူ အက်ဘ်ဒူးမန်နက်ပ် ဟာ ဇူလိုင်လ တုန်းက ကွယ်လွန် သွားခဲ့တာ ဖြစ်ပြီးတော့ ခါဘစ် အနေနဲ့ ဖခင်ဆုံးရှုံးမှုအတွက် စိတ်သောက ရောက်ခဲ့ရသလို မိခင်ဖြစ်သူ ကိုလည်း ဂတ်ဂျီ နဲ့ ပွဲစဉ်က သူ့ရဲ့ နောက်ဆုံး ပွဲစဉ်ပါလို့ ကတိပေးခဲ့ကြောင်း ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။ တစ်ကမ္ဘာလုံးမှာ ရှိကြတဲ့ MMA ပရိသတ်တွေ အနေနဲ့ ခါဘစ်ကို ပြန်လာဖို့ အတွက် အမျိုးမျိုး တောင်းဆိုခဲ့ကြသလို UFC ဥက္ကဌ ဒေနာဝိုက် ကိုယ်တိုင်ကလည်း ပြန်လာဖို့ အတွက် ခါဘစ်ကို တောင်းဆိုခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒီကနေ့ အစောပိုင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ခါဘစ် က သူ့အနေနဲ့ မိခင်ဖြစ်သူက ခွင့်ပြုမှသာ ပြန်လည် ထိုးသတ်မယ့် အကြောင်းကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

 

Photo Credit: SportBible

“ ကျွန်တော် MMA ပြိုင်ပွဲတွေဆီ သွားရောက်တိုင်း ထိုးသတ်လိုစိတ်က အတော်လေး ပြင်းပြပါတယ်။ ကျွန်တော် ပြိုင်ပွဲတွေမှာ ထိုးသတ်ချင်နေပါသေးတယ်။ အဲ့ဒီ စိတ်က ကျွန်တော့်ရဲ့ အသွေးထဲ အသားထဲမှာ ကိန်းအောင်းနေပါတယ်။ နောက်ထပ် ချန်ပီယံ အသစ်တွေ ပေါ်လာခဲ့ရင်လည်း သူတို့ကို ဘယ်လိုအနိုင်ယူ ထိုးသတ်ရမလဲဆိုတာကို ကျွန်တော် အမြဲ တွေးနေမိမှာ သေချာပါတယ်။ ဂတ်ဂျီ နဲ့ ထိုးသတ်ပြီးတာ ရက် ၄၀ လောက်ရှိပါပြီ။ အနားယူတော့မယ်လို့ ကြေညာလိုက်ပေမယ့် ကျွန်တော် training မဆင်းတာ ၁ ရက် ၂ ရက်ပဲ ရှိပါအုန်းမယ်။ အဲ့ဒီချိန်ကနေ အခုထိ ကျွန်တော် training အဆက်မပြတ် လုပ်နေခဲ့တာပါ။ အကယ်၍ ကျွန်တော့်ရဲ့ မိခင် ဖြစ်သူသာ ခွင့်ပြုမယ်ဆိုရင် ကျွန်တော် တစ်ဖန် ပြန်လည် ထိုးသတ်ချင်ပါသေးတယ် ” လို့ ပြောဆိုခဲ့ပါတယ်။ ပရိသတ်‌တွေ ရဲ့ အချစ်တော် ရုရှားဖိုက်တာကြီး ကြိုးဝိုင်းတွေဆီကို ပြန်လည် ဝင်ရောက် လာမလား ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။