သိုင်းပေါင်းစုံ MMA ပြိုင်ပွဲတွေထဲမှာ နာမည် အကြီးဆုံး ပြိုင်ပွဲ တစ်ခုဖြစ်တဲ့ UFCရဲ့ ကြယ်ပွင့် ကစားသမား တစ်ဦးဖြစ်တဲ့ ရုရှားနိုင်ငံသား ခါဘစ်ဟာ မကြာမီကမှ ဆုံးပါးသွားတဲ့ သူ့ရဲ့ ဖခင်ကြောင့် UFCပွဲတွေကို ဆက်မထိုးတော့ဘူး လို့ ကြေညာထားတဲ့ ကစားသမား တစ်ဦးပါ။ အသက် ၃၂နှစ် အရွယ်သာ ရှိသေးတဲ့ UFC ကြယ်ပွင့် ခါဘစ်ဟာ ပြီးခဲ့တဲ့လမှာ ယှဉ်ပြိုင် ထိုးသတ်ခဲ့တဲ့ ဂျက်စတင်နဲ့ပွဲမှာ ဂျက်စတင်ကို အနိုင်ရရှိ အပြီးမှာတော့ သူဟာ UFCကနေ အနားယူပြီ ဖြစ်ကြောင်း ကြေညာ သွားခဲ့သလို သူ အနားယူရတာဟာ သူ့ရဲ့ ဖခင် မရှိတော့တာကြောင့် ဖြစ်သလို ဂျက်စတင်နဲ့ပွဲဟာ သူ့ရဲ့ နောက်ဆုံး ထိုးသတ်တဲ့ ပွဲစဉ်ဖြစ်ရမယ် လို့ သူ့ရဲ့ မိခင်ကို ကတိ ပေးခဲ့တာကြောင့်ပါ ဆိုပြီး ပရိသတ်ကို ရှင်းပြ သွားခဲ့ပါတယ်။

Photo Credit: Daily Mail

ခါဘစ် တစ်ယောက် UFC ကနေ အနားယူသွားခဲ့တာဟာ သူ့ရဲ့ ပရိသတ်တွေကို သာမက ကမ္ဘာတစ်လွှား မှာ ရှိတဲ့ သိုင်းပေါင်းစုံ ပြိုင်ပွဲကို သဘောကျတဲ့ ပရိသတ်တွေ အားလုံးကိုပါ အံ့အား သင့်စေခဲ့ပါတယ်။ ဒါပေမယ့် ခါဘစ် အနားယူပြီး နောက်ပိုင်းမှာ UFC အသိုင်းအဝိုင်းမှာ ရှိတဲ့ နာမည်ကြီး ကစားသမားတွေက ခါဘစ်ဟာ မကြာခင်မှာ UFCကြိုးဝိုင်းထဲ ပြန်လာလိမ့်မယ်လို့ သုံးသပ်မှုတွေ ရှိနေသလို UFCပြိုင်ပွဲရဲ့ ဥက္ကဌ ဖြစ်သူ ဒန်ဝှိုက်ကလည်း ခါဘစ် တစ်ယောက် မကြာခင်မှာ သူတို့ဆီ ပြန်လာနိုင်ကြောင်း အရိပ်အမြွက် ဖွင့်ဟ ပြောကြားမှုတွေ ရှိခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ခါဘစ်ရဲ့ ပရိသတ်တွေဟာ မကြာခင်မှာ UFCဆီ ခါဘစ် ပြန်လာဖို့ မျှော်လင့် နေကြခဲ့ကြပေမယ့် နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ခါဘစ်က သူဟာ ကြိုးဝိုင်းထဲကို ပြန်ဝင်ဖို့ အစီအစဉ် မရှိကြောင်း ယတိပြတ် ဆိုသွားပါတယ်။

Photo Credit: Daily Mail

ကြိုးဝိုင်းထဲကို ပြန်လည် ဝင်ရောက်ဖို့ အစီအစဉ် မရှိတဲ့ အကြောင်းကို ခါဘစ်က “ ကျွန်တော် ပြန်လာတော့မယ် ဆိုပြီး ကောလဟာလ သတင်းတွေ အများကြီး ထွက်နေပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ဒန်ဝှိုက်နဲ့ အနာဂတ်မှာ သူ့နေရာကို ဆက်ခံမယ့် ပွဲစီစဉ်သူတွေက ကျွန်တော့်ကို ဆက်ပြိး တိုက်ခိုက်စေချင် နေလို့ပါ။ ဒါတွေ အားလုံးက များပြားလှတဲ့ ပိုက်ဆံတွေ ၊ ကြည့်ရှုနှုန်းတွေ ၊ မီဒီယာတွေကြောင့် ပါပဲ။ ဒါတွေကြောင့်ပဲ သူတို့က ကျွန်တော့်နောက်ကို လိုက်နေကြတာပါ။ ခင်ဗျားက ပွဲတစ်ပွဲ ပြီးသွားတဲ့ အချိန် မှာတောင် ပရိသတ်တွေက ခင်ဗျားရဲ့ နောက်ထပ် တစ်ပွဲကို ကြည့်ဖို့ အဆင်သင့် ဖြစ်နေကြပါပြီ။ ဒါ့ကြောင့်ပဲ သူတို့က ပွဲကို ဆက်တိုက် ကျင်းပဖို့ ကြိုးစားကြတာပေါ့။ ဒါပေမယ့် ကျွန်တော့်မှာတော့ ဆက်ပြီး တိုက်ခိုက်ဖို့ အစီအစဉ် မရှိတော့ပါဘူး” ဆိုပြီး ပြောကြား သွားခဲ့ပါတယ်။