ခါဘစ်အနေနဲ့ UFC မှာ တစ်ဖန်ပြန်လည် ထိုးသတ်သွားလိမ့်မယ်လို့ ယုံကြည်ကြောင်း မစ်ဒယ်ဝိတ်တန်း ချန်ပီယံဟောင်း တစ်ဦးဖြစ်တဲ့ အလက်ဇန်းဒါးရှလန်မန်ကို က ဆိုလိုက်ပါတယ်။ ခါဘစ်အနေနဲ့ သူ့ရဲ့ MMA ကစားသမားဘဝ ကနေ အနားယူကြောင်းကြေညာခဲ့တာကတော့ အောက်တိုဘာလက UFC 254 မှာ ဂျက်စတင်ဂတ်ဂျီ ကို အနိုင်ယူထိုးသတ်အပြီးမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ခါဘစ်ဟာ UFC မှာ ရှုံးပွဲတစ်ပွဲမှ ကြုံတွေ့ခြင်း မရှိသေးတဲ့ ဖိုက်တာ တစ်ဦးဖြစ်ပြီးတော့ သူ့ရဲ့ စံချိန်ဟာ 29-0 ဖြစ်ပါတယ်။ ပရိသတ် အများစုက ခါဘစ်အနေနဲ့ သူ့ရဲ့ စံချိန်ကို 30-0 အထိ ရောက်ရှိအောင် ကြိုးစားသွားလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် ခါဘစ်ရဲ့ ကြေညာချက်ကြောင့် မျှော်လင့်ချက်တွေ ပျက်သုန်းသလို ဖြစ်ခဲ့ရပါတယ်။

Photo Credit: Fox Sports

ရုရှားဖိုက်တာဟောင်း တစ်ဦးဖြစ်တဲ့ ရှလန်မန်ကို ကတော့ ခါဘစ်ရဲ့ အနားယူကြောင်း ကြေညာချက်ဟာ အကြာကြီးမဟုတ်ဘူးလို့ ခံစားရကြောင်း ဆိုပါတယ်။ ရှလန်မန်ကို ဟာ ခါဘစ်အနေနဲ့ ကစားဖော် အစ်စလန်မက်ကာချီ ကို သင်ပြပေးဖို့ စီစဉ်နေတယ်လို့ ယုံကြည်ကြောင်းလဲ ဆိုပါတယ်။ ရှလန်မန်ကို ဟာ ခါဘစ်နဲ့ ပတ်သက်ပြီး အခုလိုပြောဆိုခဲ့ပါတယ်။ “ ခါဘစ် ထွက်သွားတာ မြန်ဆန်လွန်းပါတယ်။ ဒါပေမယ့် သူ့ ခါးပတ်ကိုတော့ သူမထားခဲ့ပါဘူး။ ခါးပတ်က သူနဲ့ သက်ဆိုင်နေတုန်းပါပဲ။ ကျွန်တော့် အထင် ခါဘစ်က အစ်စလန်မန်ကာချီကို ခါးပတ် ပြန်ပေးချင်လို့ အနားယူသွားတာလို့ ထင်တယ်။ ဒီဟာက အဓိက အကြောင်းအရာ တော့ မဟုတ်ပါဘူး။ သူ တကယ် အနားယူဖို့လိုနေပါတယ်။ သူ့ရဲ့ ဖခင်ဆုံးသွားတာကြောင့် သူခက်ခဲနေမယ်ဆိုတာ နားလည်ပါတယ် ”

Photo Credit: Fox Sports

ခါဘစ်ရဲ့ မန်နေဂျာတစ်ဦးဖြစ်တဲ့ အလီအက်ဒါလာဇီ က အင်္ဂါနေ့က ပရိသတ်တွေ အနေနဲ့ ခါဘစ် ရဲ့ 30-0 ပွဲစဉ်ကို မြင်‌တွေ့သွားရဖို့ ရှိတယ်ဆိုပြီး တွစ်တာမှာ သဲလွန်စ ပေးခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ လွန်စွာမှ စိတ်လှုပ်ရှားခဲ့ရပါတယ်။ စိန့်ပီရဲ ကတော့ ခါဘစ်ကို ပြန်လည်ထိုးသတ်ဖို့ ဖိအားပေးသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ “ ပုံမှန်ဆိုရင်တော့ ကျွန်တော် ဖိအားပေးမှာပါ။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ အခြေအနေအရ ကျွန်တော် အဲ့ဒီလို ဖိအားမပေးချင်ပါဘူး။ ဖခင်ဖြစ်သူဆုံးသွားတာကြောင့် သူ့အနေနဲ့ ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းနေရတာပါ။ ဖခင်ဆုံးရှူံးမှုကို ဖြေသိမ့်ဖို့ အတွက် သူ အချိန်လိုပါတယ်။ ကျွန်တော် ခါဘစ်ကို အများကြီး လေးစားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လုပ်နေတဲ့ အရာက အားကစားပါ။ ဒါက အားကစား ကိုကျော်လွန်ပြီးတော့ လူသားတွေရဲ့ အပိုင်းကို ရောက်နေပါတယ်။ သူနဲ့ သူ့မိသားစု အကောင်းဆုံး အခြေအနေမှာ ရှိပါ‌စေလို့ ကျွန်တော် ဆန္ဒပြုပါတယ်။ ကျွန်တော် ခါဘစ်ရဲ့ ပရိသတ်တစ်ဦးအနေနဲ့ သူ့ရဲ့ ကစားသမားဘဝ ကို အနားယူသွားတဲ့ ပုံစံကို ကျွန်တော် သဘောကျပါတယ်။ ပြိုင်ဘက်တစ်ဦးအနေနဲ့ ဆိုရင်တော့ ကျွန်တော် သူနဲ့ ထိုးသတ်ဖို့ သဘောတူညီမှု တစ်ခု ပြုလုပ်ချင်ပါတယ်။ ကျွန်တော်တို့နဲ့ ပရိသတ်တွေ အတွက်တော့ သူက ဖိုက်တာ တစ်ဦးပါ။ ဒါပေမယ့် လူသားတစ်ဦး အနေနဲ့ ဆိုရင်တော့ ကျွန်တော် သူ့အတွက် အလွန်ကို ကျေနပ်ပါတယ် ” လို့ ဆိုလိုက်ပါတယ်။