နာမည်ကျော် ဘောလုံးသမား ခရစ္စတီယာနိုရော်နယ်လ်ဒိုဟာ နာမည်ကျော် UFC ဖိုက်တာဟောင်း ခါဘစ်နဲ့ အလွန်ရင်းနှီးသူဖြစ်တာကြောင့် ဒီနှစ်ရဲ့ နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်း ဂျုဗင်တပ်စ်အသင်းကနေ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်အသင်းဆီ ပြန်လည်ပြောင်းရွှေ့တော့မယ့် အကြောင်းကိုပါ အပြောင်းအရွှေ့ မဖြစ်မြောက်သေးခင် တစ်လလောက် အလိုမှာကတည်းက ခါဘစ်ကို အသိပေးထားခဲ့ဖူးတယ်လို့ ခါဘစ်ကိုယ်တိုင် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၃၆)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းလောက်ကပဲ သူရဲ့အသင်းဟောင်း ယူနိုက်တက်အသင်းဆီကို အံ့အားသင့်စဖွယ် ပြန်လည်ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အခုဆိုရင် သူရဲ့ကျောနံပါတ်ဟောင်း (၇)ကိုပါ ပြန်လည်ဝတ်ဆင်ရတော့မှာ ဖြစ်ပါတယ်။ တကယ်တော့ ရော်နယ်လ်ဒိုဟာ ယူနိုက်တက်ရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေး ထွက်ပေါ်နေရင်းကနေ ရုတ်တရတ်ပဲ ယူနိုက်တက်အသင်းဆီကို ပြန်လည်ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit : The Sun

ဒီလို အံ့အားသင့်စဖွယ် အပြောင်းအရွှေ့ မဖြစ်ပေါ်ခင် တစ်လလောက်အလိုကတည်းက ယူနိုက်တက်ကို ပြန်လည်ပြောင်းရွှေ့မယ်ဆိုတာကို ရော်နယ်ဒိုက ကြိုတင်အသိပေးထားခဲ့တယ်လို့ ခါဘစ်က ပြောဆိုသွားခဲ့ပါတယ်။ ခါဘစ်က “တစ်လလောက် အလိုကတည်းကပဲ သူ မန်ချက်စတာယူနိုက်တက်အသင်းဆီ ပြန်သွားတော့မယ်လို့ ကျွန်တော့်ကို ပြောပြခဲ့တယ်။ ဒီအပြောင်းအရွှေ့ ဖြစ်လာဖို့ကိုလည်း ကျွန်တော် မျှော်လင့်နေခဲ့တာ။ သူက ဂျုဗင်တပ်စ်မှာထက်စာရင် ယူနိုက်တက်မှာ ပိုပြီးအံ့ဝင်ခွင့်ကျ ဖြစ်နိုင်မယ်လို့လည်း ကျွန်တော်ထင်တယ်။ ကျွန်တော်အတွက်ဆိုရင် ဒီအပြောင်းအရွှေ့က ဘာမှကို ထူးခြားတာမျိုး မရှိပါဘူး” လို့ ပြောဆိုခဲ့ပြီး ရော်နယ်လ်ဒိုကို ယူနိုက်တက်ကို ပြန်လာခြင်းက မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုလို့ပါ ထောက်ခံပြောဆိုသွားခဲ့ပါတယ်။ ခါဘစ်နဲ့ ရော်နယ်လ်ဒိုတို့ဟာ မတူညီတဲ့ အားကစားနယ်ပယ်မှာ ကျင်လည်နေရသူတွေ ဖြစ်ပေမယ့်လည်း နေ့စဉ်တိုင်းနီးပါးလောက်ကို စကားပြောဆိုမှုတွေ လုပ်ဆောင်လေ့ရှိပြီး ရော်နယ်လ်ဒိုက ခါဘစ်နဲ့ စကားပြောတဲ့အခါ သူရဲ့သားဖြစ်သူအကြောင်းကို ထည့်ပြောလေ့ရှိကြောင်း ခါဘစ်က ဖွင့်ဟထားခဲ့ပါတယ်။