UFC ပြိုင်ပွဲတွေရဲ့ နာမည်ကြီး MMA ကစားသမား တစ်‌ယောက် ဖြစ်တဲ့ ခါဘစ် ကတော့ စနေနေ့ညက Yas Island မှာ ဂျက်စတင် ဂေးဂျီ နဲ့ ထိုးသတ် ခဲ့ပြီး ဒုတိယ အချီမှာ ပဲ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲအပြီးမှာ ပရိသတ်တွေ လုံးဝ မထင်ထားတဲ့ အရာကို ကြေညာသွားခဲ့ပါတယ်။ သူ့အနေနဲ့ ထိုပွဲက နောက်ဆုံး ဖြစ်ကြောင်းနဲ့ ဖခင် ဖြစ်သူ ဆုံးပါးသွားတာကြောင့် နောက်ထပ် ကြိုင်းဝိုင်းထဲကို ထပ်မဝင်ဖြစ်တော့ဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။ ခါဘစ် ရဲ့ ဖခင်ဖြစ်သူ အက်ဘ်ဒူးမန်နက် ဟာ ခါဘစ် အတွက် ဖခင်တစ်ယောက်ဆိုတာ ထက်ကို ပိုခဲ့တဲ့ သူတစ်ယောက်ပါ။ အက်ဘ်ဒူးမန်နက် ဟာ ခါဘစ် အတွက် နည်းပြ အဖြစ်ပါ လုပ်ကိုင်ခဲ့ပြီးတော့ သားဖြစ်သူ အတွက် support ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း စိတ်မကောင်းစွာနဲ့ပဲ ကိုဗစ်ပိုး ကူးစက်ခံခဲ့ရကာ နှလုံးရောဂါ အခံရှိတာကြောင့် ဇူလိုင်လ ကပဲ ဆုံးပါးသွားခဲ့ ရပါတယ်။ အက်ဘ်ဒူးမန်နက်ဟာ သားဖြစ်သူ ထိုးသတ်တဲ့ ပြိုင်ပွဲ တိုင်းမှာ ဘေးကနေ ရှိနေပေးခဲ့တဲ့ ဖခင်ကောင်းတစ်ယောက် ဖြစ်ပါတယ်။

Photo Credit: Talksport

ခါဘစ် က ပွဲ အပြီးမှာ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်…” ကျွန်တော် ဒီနေ့ ပြောချင်တာကတော့ ဒီပွဲက ကျွန်တော့် ဘဝ ရဲ့ နောက်ဆုံးပွဲပါ။ ကျွန်တော့် အဖေ မပါပဲ ထိုးသတ်ရတာဟာ ဒါ ပထမဆုံး ပါဘဲ။ ကျွန်တော့် အဖေ ဆုံးပြီး မကြာခင်မှာပဲ UFC က ကျွန်တော့်ကို ဂျက်စတင် နဲ့ ထိုး‌ ပေးဖို့ အကြောင်းကြားလာ တယ်။ ကျွန်တော့် အမေနဲ့ ဒီအကြောင်းကို သုံးရက်တောင် တိုင်ပင်ခဲ့ရပါတယ်။ အမေကတော့ ကျွန်တော့်ကို အဖေ မပါဘဲ မထိုးသတ်ဖို့ သတိပေးခဲ့ပေမယ့် ကျွန်တော်က ဒီ ပွဲက ကျွန်တော့်ရဲ့ နောက်ဆုံး ပွဲ ဖြစ်စေရပါမယ်လို့ ကတိပေးခဲ့ပါတယ် ” လို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Talksport

ပွဲအပြီးမှာတော့ ခါဘစ်ရဲ့ သူငယ်ချင်းတွေနဲ့ ခါဘစ်နဲ့ ထိုးသတ်ခဲ့ဖူးတဲ့ ပြိုင်ဘက် ဟောင်း‌တွေကပါ ခါဘစ်ကို ချီးကျုး စကားဆို ခဲ့ကြပါတယ်။ ထို အထဲမှာ ဂျူဗင်တပ် အသင်းရဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ခရစ်စတီရာနို ရော်နယ်ဒိုကပါ သူငယ်ချင်း ဖြစ်သူ ခါဘစ် အတွက် အင်စတာဂရမ်မှာ ချီးကျူးခဲ့ပါတယ်။ “ ဂုဏ်ယူပါတယ် သူငယ်ချင်း၊ မင်း အဖေတော့ ဂုဏ်ယူနေမှာပါ ” လို့ ရော်နယ်ဒိုက သူ့ရဲ့ လူမှုကွန်ယက်အကောင့်မှာ ရေးသား ဖော်ပြခဲ့ပါတယ်။

Photo Credit: Talksport

၂၀၁၈ ခုနှစ်က ခါဘစ်နဲ့ ထိုးသတ်ခဲ့ဖူးတဲ့ ကော်နာမက်ဂရီဂေါ်ကတော့ အခုချိန်မှာ ရန်ငြိုးတွေကို ဘေးချကာ ပြိုင်ဘက်ဟောင်း ဖြစ်တဲ့ ခါဘစ်ကို လူမှုကွန်ယက် စာမျက်နှာ ဖြစ်တဲ့ တွစ်တာ မှာ ချီးကျူးစကားဆိုသွားခဲ့ပါတယ်။ “ အရမ်းကောင်းတဲ့ ဖျော်ဖြေမှုပဲ ခါဘစ်။ မင်းအဖေ အတွက်တော့ စိတ်မကောင်းပါဘူး။ မင်းရော၊ မင်းအဖေရော၊ မင်း မိသားစုဝင်တွေကိုပါ ငါ လေးစားပါတယ်။ ရိုးသားစွာဖြင့် မက်ဂရီဂေါ် ” ဆိုပြီး ရေးသားဖော်ပြခဲ့ပါတယ်။ ဂျွန်ဂျုံးစ် ကတော့ သူ့ရဲ့ တွစ်တာ အကောင့်မှာ အခုလိုပဲ ရေးသားခဲ့ပါတယ်။ “ အဲ့ဒီ သရဖူကို ငါ မသိမ်းပိုက်ခင် မင်းကို ပေးပါတယ်။ ပျော်ရွှင်ပါစေ ချန်ပီယံကြီး‌ရေ ” ဆိုပြီး ရေးသားခဲ့ပါတယ်။