UFC ရဲ့ နာမည်ကြီး ရုရှားဖိုက်တာကြီး တစ်ဦးဖြစ်တဲ့ ခါဘစ် ကတော့ ကော်နာ မက်ဂရီဂေါ နဲ့ ဒက်စတင် ပေါ်ရီရေး တို့ ရဲ့ မကျေပွဲစဉ်မှာ အနိုင်ရရှိတဲ့သူဟာ သူ့ရဲ့ လိုက်ဝိတ်ချန်ပီယံလိဂ်ခါးပတ် ကို ရသွားနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ UFC ရဲ့ ပေါင် ၁၅၅ အတန်း ဖြစ်တဲ့ လိုက်ဝိတ်ပြိုင်ပွဲဟာ အောက်တိုဘာလက ခါဘစ် အနားယူတော့မယ်လို့ ကြေညာလိုက်တဲ့ အချိန်ကစပြီး မသေချာမှုတွေနဲ့ ပြည့်နှက်နေခဲ့တာ ကြာပြီ ဖြစ်ပါတယ်။ ခါဘစ် အနေနဲ့ သူ့ရဲ့ နောက်ဆုံး ပွဲစဉ်မှာ စိန်ခေါ်ထိုးသတ်သူ ဂျက်စတက် ဂတ်ဂျီ ကို အနိုင်ယူပြီး သူ့ရဲ့ ချန်ပီယံခါးပတ် ကို ဆက်လက် ထိန်းသိမ်း သွားပါတယ်။ ခါဘစ် အနေနဲ့ အခုလို အနားယူမယ်လို့ ကြေညာထားပေမယ့်လည်း UFC ရဲ့ ဥက္ကဌ ဖြစ်သူ ဒေနာ ဝှိုက် ကတော့ လာမယ့် ၂၀၂၁ မှာ ခါဘစ် အနေနဲ့ တစ်ဖန်ပြန်လည် ထိုးသတ်လိမ့်မယ်လို့ ယုံကြည်နေတာကြောင့် အခုချိန်ထိ ခါဘစ် ကို ချန်ပီယံဘွဲ့ကနေ မဖယ်ရှားသေးတာ ဖြစ်ပါတယ်။

Photo Credit: Standard

ဘယ်လိုပဲ တွန်းအားပေးနေပါစေ ခါဘစ် ကတော့ ဆက်လက် ခေါင်းမာလျက် ရှိနေပြီးတော့ သူ့ရဲ့ ပြိုင်ဘက် ဖြစ်သူ ကော်နာ မက်ဂရီဂေါက သူ့ရဲ့ လိုက်ဝိတ် ချန်ပီယံဘွဲ့နေရာကို ဆက်ခံလိမ့်မယ်လို့ ခန့်မှန်းပြောဆိုလိုက်ပါတယ်။ “ လိုက်ဝိတ် ပြိုင်ပွဲတွေက အမြဲတမ်း ပြိုင်ဆိုင်မှု ပြင်းထန်ပါတယ်။ UFC ရဲ့ ၂၀၂၀ အတွင်းမှာ ကျင်းပခဲ့တဲ့ အဓိက ပွဲတွေ တော်တော်များများကို ကြည့်လိုက်ရင် အများစုက လိုက်ဝိတ် ပွဲတွေကြည့်ပဲ။ ပထမဆုံး အနေနဲ့ ကော်နာ ပြန်လာတယ်။ အဲ့ဒီနောက် ဂတ်ဂျီနဲ့ တိုနီ ဖာဂူဆန် ထိုးတယ်။ အဲ့ဒီနောက် ဒပ်စတင် ပေါ်ရီရေး ပြန်လာတယ်။ အဲ့ဒီနောက် ကျွန်တော်နဲ့ ဂတ်ဂျီရဲ့ပွဲ။ ဒီဝိတ်တန်း က အမြဲတမ်း စိတ်ဝင်စားစရာကောင်းပြီးတော့ ပြိုင်ဆိုင်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ အခုချိန်မှာ အကြမ်းဆုံး လိုက်ဝိတ် ဖိုက်တာ သုံးဦးလို့ဆိုရင် ပေါ်ရီရေး၊ မက်ဂရီဂေါ နဲ့ မတ်ခ်ဟ်ချုပ် တို့ သုံးဦးပါပဲ ”

Photo Credit: Standard

“ သူက အခုချိန်မှာ အကောင်းဆုံး ငါးယောက်ထဲမှာတော့ မပါသေးပါဘူး။ ဒါပေမယ့် အဲ့ဒီလူတွေကတော့ အကောင်းဆုံး အကြမ်းဆုံး ဖိုက်တာတွေပါ။ ကျွန်တော့်ရဲ့ ခါးပတ် ကို ဒက်စတင်နဲ့ ကော်နာ တို့ ပွဲစဉ်မှာ အနိုင်ရတဲ့သူက ရသွားပါလိမ့်မယ်။ ဒေနာနဲ့ ကျွန်တော် အဆက်အသွယ် ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နှစ်ယောက် ခါးပတ် ကိစ္စနဲ့ ပတ်သက်ပြီး တစ်ခါမှ မပြောဖြစ် ကြပါဘူး။ ဒါက ဘာလို့လဲဆိုရင် သူတို့က ကျွန်တော့်ကို ဆက်ထိုးသတ်စေချင်သေးလို့ပါ။ ဘာလို့လဲဆို အဖြေကရှင်းပါတယ်၊ ကျွန်တော် အဲ့ဒီပြိုင်ပွဲမှာ ကိုးနှစ် နီးပါးလောက်ထိုးသတ်ခဲ့တယ်၊ ပြီးတော့ တစ်ပွဲမှ မရှုံးနိမ့်ခဲ့တာကြောင့်ပါ။ ကျွန်တော့်မှာ သမိုင်းကြောင်းရှိတယ်။ ပရိသတ် အခိုင်အမာ ရှိတယ်။ ကျွန်တော် သူတို့ကို အပြစ်မတင်ပါဘူး၊ သူတို့ရဲ့ စိတ်ဆန္ဒကိုလည်း နားလည်ပါတယ် ” ပြောဆိုခဲ့ပါတယ်။ ခါဘစ်အနေနဲ့ လိုက်ဝိတ်ချန်ပီယံ ခါးပတ်ကို စွန့်လွှတ်တော့မှာ ဖြစ်တယ်လို့ ကြေညာလိုက်တာကြောင့် ကြိုးဝိုင်းတွေ ဆီကို ပြန်လာဖို့ကတော့ မသေချာသလောက် ဖြစ်သွားခဲ့ပါပြီ။