MMA လောက ရဲ့ နာမည်ကြီး ပြိုင်ပွဲတစ်ခု ဖြစ်တဲ့ UFC ပြိုင်ပွဲရဲ့ နာမည်ကြီး ဖိုက်တာ တစ်ဦး ဖြစ်တဲ့ နာမဂိုမဲဒေါ့ ခါဘစ်ဟာ နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ BBC Sports Personality က ချီးမြှင့်တဲ့ World Sport Star of the Year ဆု ကို ရရှိခဲ့တယ်လို့ သိရှိရပါတယ်။ အသက် ၃၂ နှစ်ရှိပြီ ဖြစ်တဲ့ ရုရှားဖိုက်တာ ခါဘစ် ဟာ UFC လောကမှာ အတော်လေး အောင်မြင်မှု ရရှိခဲ့သူ ဖြစ်ပြီးတော့ ၂၉ ပွဲထိုးသတ်အပြီး တစ်ပွဲမျှ ရှုံးနိမ့်ထားခြင်း မရှိသေးတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ တုန်းကလည်း ဂျက်စတင် ဂတ်ဂျီ နဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ဒုတိယ အချီမှာပဲ အလဲထိုးအနိုင်ယူနိုင်ခဲ့ပါတယ်။

Photo Credit: BBC

ဒါပေမယ့်လည်း ခါဘစ်ဟာ သူ့ရဲ့ ဖခင်ဖြစ်သူ အဒူးမန်နပ် ကွယ်လွန်ပြီးနောက်မှာတော့ သူ့အနေနဲ့ ကြိုးဝိုင်းတွေထက်ကနေ အနားယူလိုက်ပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း မကြာသေးမီက သူ့အနေနဲ့ မိခင်ဖြစ်သူကသာ ကြည်ကြည်ဖြူဖြူ နဲ့ ကြိုးဝိုင်းထက်ကို ပြန်တက်ခွင့်ပေးမယ်‌ဆိုရင် ပြန်ထိုးချင်သေးတယ်လို့ ဖွင့်ဟတာမျိုးတွေ ရှိတာကြောင့် ခါဘစ် ပြန်လာနိုင်မလား ဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ခါဘစ်ဟာ သူ့ရဲ့ လိုက်ဝတ် ချန်ပီယံဘွဲ့ ကို အချိန်ကာလ သုံးခုတိုင်အောင် အကောင်းဆုံး ကာကွယ်နိုင်ခဲ့သူ ဖြစ်ပြီးတော့ MMA သမိုင်းမှာ အကြီးစိုးနိုင်ဆုံး ဖိုက်တာ တစ်ဦးအဖြစ်လည်း ပရိသတ်များက သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။

Photo Credit: BBC

ခါဘစ်ဟာ တစ်ကမ္ဘာလုံးမှာ ရှိကြတဲ့ ပရိသတ်တွေရဲ့ အွန်လိုင်းက မဲပေးမှု အရ ဆွီဒင် တိုင်ထောက်ခုံ ကစားသမား အားမန်း ဒူပလန်းတစ်စ်၊ အမေရိကန်ဘတ်စကော ကစားသမား လီဘရွန် ဂျိမ်းစ်၊ အမေရိကန် ဂေါက်ရိုက်ကစားသမား ဒက်စတင် ဂျွန်ဆန်၊ ပြင်သစ်ဘောလုံးသမား ဝန်ဒီ ရီးနတ် နဲ့ အိုင်းရစ်ရှ် ဘောက်ဆင်ကစားသမား ကေတီ တေလာ တို့ကို ကျော်ဖြတ်ပြီး BBC Sports Personality ရဲ့ World Sport Star ဆု ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ရဲ့ World Sport Star ဆုကိုတော့ မာရသွန်အပြေးသမား အလီယက် ကစ်ပ်ချုပ် က ရရှိခဲ့ပါတယ်။ BBC Sports Personality of the Year ဆု ပေးပွဲကို တော့ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပြီးတော့ BBC One, BBC iPlayer နဲ့ BBC Sports website နဲ့ app ကနေ တဆင့် တိုက်ရိုက် ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။