ပြင်သစ်နိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ အမေရိကန် အခြေစိုက် ကမ္ဘာကျော် fast food လုပ်ငန်းကြီးဖြစ်သော KFC ဟာ ပြင်သစ်လက်ရွေးစင်အသင်းကို စပွန်ဆာပံ့ပို့းမှုတွေ လုပ်ဆောင်ထားတာဖြစ်လို့ စပွန်ဆာ ကတိကဝတ်တွေအရ လက်ရွေးစင်အသင်းသားအားလုံးက KFC နဲ့ ပူးပေါင်း ပါဝင်ဖို့ လိုအပ်ပြီး ဒီအစီအစဉ်မှာ ပါဝင်ဖို့ ငြင်းဆန်ထားခဲ့တဲ့ တိုက်စစ်ကစားသမား ကီလီယန်အမ်ဘာပေကိုတော့ တရားစွဲဆိုဖို့အထိပါ စီစဉ်ထားတယ်လို့ KFC အကြီးတန် အမှုဆောင်ချုပ်တစ်ဦးက ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Detik Sports

ပီအက်စ်ဂျီ တိုက်စစ်ကစားသမား ဘာပေဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြုလုပ်သွားဖို့ စီစဉ်ထားတဲ့ အသင်းလိုက် ဓါတ်ပုံရိုက်ကူးမှု အပါအဝင် အသင်းရဲ့ စပွန်ဆာလှုပ်ရှားမှုမှာပါ ပါဝင်သွားဖို့ ငြင်းဆန်ပယ်ချသွားခဲ့ပါတယ်။ ဘာပေက ပြင်သစ်လက်ရွေးစင်အသင်းနဲ့ စာချုပ်တွေ ချုပ်ဆိုထားတဲ့ စပွန်ဆာ များစွာထဲကမှ လောင်းကစားလုပ်ငန်းနဲ့ fast food လုပ်ငန်းတွေနဲ့ ပတ်သတ်ပြီး စပွန်ဆာ လှုပ်ရှားမှု လုပ်ဆောင်ဖို့ကို ဘာပေက ပယ်ချခဲ့တာ ဖြစ်ပါတယ်။ ဒီလို ငြင်းပယ်မှုတွေ လုပ်ဆောင်ထားတဲ့ ဘာပေကို ဥပဒေကြောင်းအရ အရေးယူသွားနိုင်ကြောင်း သတိပေးလိုက်ပါတယ်။

Photo Credit : News TDY

ဘာပေကတော့ သူရဲ့ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး “ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ကစားသမားတွေရဲ့ ပုံရိပ်ရပိုင်ခွင့်နဲ့ ပတ်သတ်လို့ သဘောတူညီချက်ကို ပြောင်းလဲဖို့ ငြင်းဆိုခဲ့ပြီးနောက်မှာ ဓါတ်ပုံရိုက်ကူးမှုမှာ မပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ထုတ်ပြန် ပြောဆိုထားခဲ့သလို ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကလည်း ကစားသမားတွေရဲ့ ပုံရိပ်အခွင့်အရေးဆိုင်ရာ သဘောတူညီချက်များကို ပြန်လည် သုံးသပ်သွားမယ်လို့ တုံ့ပြန်ထားပါတယ်။ KFC ရဲ့ ဒုဥက္ကဌဖြစ်သူကလည်း သူတို့ရဲ့ စပွန်ဆာ လှုပ်ရှားမှုအတွင်း ပါဝင်ဖို့ ပျက်ကွက်ခဲ့ခြင်းအပေါ် တရားဥပဒေအရ အရေးယူနိုင်ဖို့ စဉ်းစားနေကြောင်း Sport Business Club ဝက်ဘ်ဆိုက်ကို ပြောကြားထားခဲ့ပေမယ့် ဒီလို တရားစွဲတဲ့အခါ ပျက်ကွက်တဲ့ ကစားသမားကိုပဲ တရားစွဲဆိုမလား ဒါမှမဟုတ် အဲ့ဒီကစားသမားရဲ့ ကိုယ်စားပြု ဘောလုံးအသင်း အဖွဲ့ချုပ်ကိုပဲ တရားစွဲသွားမလားဆိုတာကိုတော့ အတိအကျ ကွဲကွဲပြားပြား ပြောဆိုထားခြင်း မရှိခဲ့ပါဘူး။ Nations Legaue ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်သူ ပြင်သစ်အသင်းဟာ လာမယ့် ရက်ပိုင်းအတွင်း သြစတြီးယား ဒိန်းမတ်အသင်းတွေနဲ့အတူ Nations League ပွဲစဉ်တွေကို ဆက်တိုက် ဆင်နွဲသွားရမှာ ဖြစ်ပါတယ်။