ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာ ကတော့ သူတို့ရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ အဓိက ခံစစ်မှူးလည်း ဖြစ်တဲ့ ရူဘင် ဒီယက်ဇ်ဟာ ခြေသလုံး ကြွက်သားဒဏ်ရာကြောင့် အနည်းဆုံး ၄ပတ် ကနေ အများဆုံး ၆ပတ် အထိ အနားယူရတော့မယ်လို့ ယမန်နေ့မှာ ပြုလုပ်ခဲ့တဲ့ မန်ချက်စတာဒါဘီ အတွက် ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အတည်ပြုသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ခံစစ်မှူး ရူဘင် ဒီယက်ဇ်ဟာ ပေါ်တူဂီ ထိပ်သီးကလပ် ဘင်ဖီကာ ကနေ မန်ချက်စတာ စီးတီးထံ စတင် ရောက်ရှိလာချိန်ကတည်းက အသင်းရဲ့ မရှိမဖြစ် ခံစစ်မှူး အဖြစ် ခြေစွမ်းပြ ကစားထားနိုင်သူ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာလည်း မန်ချက်စတာ စီးတီး အတွက် ပြိုင်ပွဲစုံမှာ ၃၄ပွဲ အထိ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Express

ဒါကြောင့်ပဲ မန်ချက်စတာ စီးတီးအနေနဲ့ ရူဘင် ဒီယက်ဇ်ကို လက်လွှတ်လိုက်ရတာက အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တခု ဖြစ်နေပြီး ဘောလုံးရေးရာ ကျွမ်းကျင်သူ တချို့ကတော့ ရူဘင် ဒီယက်ဇ်ရဲ့ ဒဏ်ရာပြဿနာဟာ မန်ချက်စတာ စီးတီးရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်ရေး အိမ်မက်အား ထိခိုက်လာနိုင်တယ်လို့ ယူဆနေကြပါတယ်။

ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးဟာ ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အဓိကပြိုင်ဘက် လီဗာပူးနဲ့ ကျားကုတ်ကျားခဲ ယှဉ်ပြိုင်နေရပြီး နှစ်သင်းကြားမှာ ရမှတ် ကွာဟချက်က ၆မှတ်သာ ရှိတော့သလို လီဗာပူးက ပွဲကျန်တပွဲကို ကစားရဖို့ ရှိနေသေးတာကြောင့် တချက်လေး မှားလိုက်တာနဲ့ မန်ချက်စတာ စီးတီးရဲ့ ချန်ပီယံအိမ်မက်က ဝေဝါးသွားနိုင်ပါတယ်။

Photo Credit: Express

ဒါ့အပြင် ရူဘင် ဒီယက်ဇ် အနားယူနေရမယ့် ၄ပတ်နဲ့ ၆ပတ်ကြား ကာလအတွင်းမှာ မန်ချက်စတာ စီးတီးဟာ မန်ချက်စတာ ယူနိုက်တက် ၊ ခရစ္စတယ် ပဲလေ့စ် ၊ ဘန်လေ ၊ လီဗာပူး စတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေတာကြောင့် ဒီယက်ဇ်ကသာ ဒဏ်ရာကနေ အလျင်အမြန် ပြန်လည် မသက်သာလာဘူး ဆိုရင် သူတို့အသင်း အတွက် ရမှတ်လျော့မှုတွေ ဖြစ်လာနိုင်ပါတယ်။

တဖက်မှာတော့ ရူဘင် ဒီယက်ဇ် တယောက် ဒဏ်ရာရသွားတာက လီဗာပူးအတွက် သတင်းကောင်း တခု ဖြစ်နေခဲ့ပြီး အသင်းခေါင်းဆောင် ဒီယက်ဇ်က ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့နေရချိန်မှာ စတုန်း ၊ လာပေါ့တ် ၊ အကီတို့ ခံစစ်ကြောင်းက အသင်းကို ပရီးမီးယားလိဂ် ချန်ပီယံဆုဆီ ဆွဲခေါ်ပေးနိုင်မှာလား ၊ ဒါမှမဟုတ် ဒီယက်ဇ်ရဲ့ ဒဏ်ရာပြဿနာက မိုးပြာရောင်တပ်သားတွေ အတွက် အိမ်မက်ဆိုး တခု ဖြစ်လာမလား ဆိုတာကို ဆက်လက် စောင့်ကြည့်သွားရမှာပါ။