ဂျာမန် ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် ဖရန့်ဖတ်ရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ ကယ်ဗင် တာ့ပ်ကတော့ သူဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့် ဖရန့်ဖတ်မှာသာ ဆက်နေဖို့ ဆုံးဖြတ်လိုက်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ ဒုတိယ ဦးစားပေး ဂိုးသမား ဟန်ဒါဆန်ကို နော်တင်ဟမ် ဖောရက်စ်ဆီ တရာသီအငှားနဲ့ စေလွှတ်ခဲ့ရတာကြောင့် ဟန်ဒါဆန်ရဲ့ နေရာကို အစားဝင်နိုင်သလို အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဒီဂီယာနဲ့ နေရာယှဉ်လုနိုင်မယ့် အရန် ဂိုးသမား တဦးကို ခေါ်ယူဖို့ ကြိုးစားနေတာပါ။

Photo Credit: Sports Buzzer

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်က ဂိုးသမား အများအပြားကို လိုက်လံ ချိတ်ဆက်နေပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ဟာ ဖရန့်ဖတ်နဲ့အတူ ယူရိုပါလိဂ်ဖလားကို အရယူထားနိုင်တဲ့ ဂျာမဏီ ဝါရင့် ဂိုးသမားကြီး တာ့ပ်ကို နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ကယ်ဗင် တာ့ပ်ကို ခေါ်ယူဖို့ ခပ်သွက်သွက် လှုပ်ရှားခဲ့ပြီး ကယ်ဗင် တာ့ပ်အတွက် ဖရန့်ဖတ်ထံ ပြောင်းရွှေ့ကြေး ယူရို ၂၀သန်းနဲ့ တရားဝင် ကမ်းလှမ်းမှု တရပ်ပါ လုပ်ခဲ့ပေမယ့် တာ့ပ်ကတော့ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဂျာမဏီအသင်းနဲ့အတူ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရဖို့ အတွက် ပုံမှန် ပွဲထွက်ခွင့် ရဖို့ သေချာနေတဲ့ ဖရန့်ဖတ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: Sports Buzzer

မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချဖို့ ဆုံးဖြတ်ခဲ့ကြောင်းကို တာ့ပ်က – “ကျွန်တော်က မန်ချက်စတာ ယူနိုက်တက်ဆီကနေ တရားဝင် စာရွက်စာတမ်းနဲ့ ကမ်းလှမ်းမှုကို ရခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်က ကမ္ဘာ့ထိပ်တန်းအသင်း တသင်းပါ။ ဒါပေမယ့် ကျွန်တော်ကတော့ မနေ့ကပဲ ဖရန့်ဖတ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်လိုက်တဲ့ အကြောင်းကို နှစ်သင်းစလုံးဆီ အသိပေးခဲ့ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။