ယခင်က စပါး အေစီမီလန်နဲ့ ဘာစီလိုနာအသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ ဂါနာကွင်းလယ်ကစားသမားဖြစ်သူ ကယ်ဗင်ပရင့်စ်ဘိုတန်ဟာ လွန်ခဲ့တဲ့ (၈)နှစ်ခန့်တုန်းက မန်ချက်စတာယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ကစားဖို့ အခွင့်အရေးတချို့ ရရှိခဲ့ပေမယ့်လည်း သူ့ဘက်က ဒီအခွင့်အရေးကို ပယ်ချခဲ့ပြီး ရှော်ကေးအသင်းကိုသာ ရွေးချယ်ခဲ့တာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : talkSPORT

အသက်(၃၄)နှစ်အရွှယ်ရှိ ဂါနာလက်ရွေးစင်ဟောင်း ဘိုတန်ဟာ လက်ရှိမှာ သူရဲ့ ကနဦးဆုံး ကလပ်အသင်းဖြစ်တဲ့ ဟာသာဘာလင်အသင်းမှာ ပါဝင်လျက်ရှိနေတာဖြစ်ပေမယ့် လွန်ခဲ့တဲ့ ၂၀၁၃ခုနှစ်မှာတော့ အေစီမီလန်အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်ချိန်မှာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာ ဘွန်ဒစ်လီဂါကလပ် ရှော်ကေးအသင်းကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ကစားသမားဘဝအတွင်း ကလပ်အသင်းပေါင်းမျိုးစုံမှာ ပါဝင်ကစားခဲ့ဖူးတဲ့ ဘိုတန်ဟာ လက်ရှိ လိုင်ယွန်အသင်းမှာ ပါဝင်ကစားနေတဲ့ ဂျာမနီနောက်ခံလူကြီး ဂျရုန်းဘိုတန်နဲ့လည်း ညီအစ်ကိုတော်စပ်သူတွေဖြစ်ပြီး ပရီးမီးယားလိဂ် လာလီဂါ စီးရီးအေနဲ့ ဘွန်ဒစ်လီဂါတို့မှာ ကျင်လည်ခဲ့ဖူးတဲ့ အတွေ့အကြုံရင့် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit : These Football Times

ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့ကိစ္စရပ်တွေအပေါ် ဘိုတန်က “ကျွန်တောာ် မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ကစားဖို့အတွက် အခွင့်အရေးတွေ ရရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်က ဂျာမနီကို ပြန်သွားဖို့ကိုပဲ ရွေးချယ်ခဲ့တယ်။ ရှော်ကေးအသင်းမှာ ကျွန်တော် ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို ခင်ဗျားတို့ သိမှာပါ။ ဒါပေမယ့် အချိန်တစ်ခုမှာတော့ ကျွန်တော် ထက်မြက်လာခဲ့တယ်။ အဲ့ဒါတွေက မီလန်အသင်းမှာ ပြန်ကစားချိန်မှာပဲ စတင်လာခဲ့တယ်။ အဲ့ဒီမှာ ကမ္ဘာ့ကြယ်ပွင့် ကစားသမားတွေနဲ့ တွဲဖက်ကစားခဲ့ရသလို သူတို့ဆီကနေလည်း သင်ယူစရာတွေ ရရှိခဲ့တယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ ကွင်းလယ်ပိုင်းအပြင် လိုအပ်ရင် တိုက်စစ်နေရာမှာပါ ပါဝင်ကစားတတ်သူဖြစ်တဲ့ ဘိုတန်ဟာ ဂျာမနီနိုင်ငံမှာ မွေးဖွားသူဖြစ်ပေမယ့်လည်း ဂျာမနီလက်ရွေးစင်အသင်းမှာ ပါဝင်ရဖို့ အခွင့်အရေးမရှိတာကြောင့် ဂါနာအသင်းကို ပြောင်းလဲရွေးချယ်ခဲ့တာဖြစ်ပြီး ဂါနာအတွက်ကိုလည်း (၁၅)ပွဲအထိကို ပါဝင်ထားနိုင်ခဲ့ပါတယ်။