မန်စီးတီးအသင်းရဲ့ ကွင်းလယ် ကစားသမား ဒီဘရှိုင်းကတော့ ပရီးမီးယားလိဂ် ဆုဖလားကို မရရှိနိုင်ပေမယ့်လည်း အက်ဖ်အေ ဖလား နဲ့ ချန်ပီယံလိဂ် ဖလားကို ရရှိသွားမယ် ဆိုရင်တော့ လက်ရှိရာသီက မယုံနိုင်စရာ ရာသီကောင်း ဖြစ်နေဦးမယ်လို့ အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။ နည်းပြ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ဆုဖလားကို (၂) နှစ် ဆက်တိုက်ရရှိခဲ့ပြီး လက်ရှိရာသီမှာသာ နောက်တစ်ကြိမ် ထပ်မံ ရရှိမယ် ဆိုရင် (၃) နှစ်ဆက်တိုက် ရရှိနိုင်မှာ ဖြစ်ပေမယ့်လည်း လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ် ဆုဖလားကို ပထမဆုံး ရရှိခဲ့ပါတယ်။

 

Photo Credit: Skysports

မန်စီးတီးအသင်းဟာ လက်ရှိရာသီမှာ အက်ဖ်အေ ဖလား နဲ့ ချန်ပီယံလိဂ် ဖလားကို မှန်းလို့ ရသေးတာ ဖြစ်ပြီး အက်ဖ်အေ ဖလား ပြိုင်ပွဲမှာတော့ ကွာတား ဖိုင်နယ်အဆင့် နဲ့ ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ (၁၆) သင်း ရှုံးထွက်အဆင့်အထိ တက်လှမ်းထားနိုင်ပြီးသား ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ မနက်ဖြန် တနင်္ဂနွေညမှာ နယူးကာဆယ်အသင်းနဲ့ အက်ဖ်အေ ဖလား ကွာတား ဖိုင်နယ် ပွဲစဉ်မှာ ကစားရမှာ ဖြစ်ပြီး ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမအကျော့ ပွဲစဉ်မှာတော့ ရီးရဲလ်အသင်းကို (၂-၁) ရလဒ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် အခြေအနေ ကောင်းပါတယ်။

Photo Credit: Skysports

ဒီဘရှိုင်းက “အခြားအသင်းတွေနဲ့ ယှဉ်လိုက်မယ် ဆိုရင် ကျွန်တော်တို့က မှန်တဲ့ အရာတွေကို လုပ်ခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော်တို့က အဆင့် (၂) နေရာမှာ ရပ်တည်နေဆဲ ဖြစ်တယ်။ ဒီတော့ လီဗာပူးလ်အသင်း ပြီးရင် ကျွန်တော်တို့က ဒုတိယ အကောင်းဆုံး အသင်း ဖြစ်ပါတယ်။ ကျွန်တော်တို့က အက်ဖ်အေ ဖလား ပြိုင်ပွဲ နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကြီးမားတဲ့ အခွင့်အရေး ရရှိနေပါသေးတယ်။ တကယ်လို့ ကျွန်တော်တို့ကသာ ဒီဆုဖလားတွေကို ရရှိမယ်ဆိုရင် မယုံနိုင်စရာ ရာသီကောင်းကို ပိုင်ဆိုင်သွားပါလိမ့်မယ်။ ကျွန်တော်တို့ မျှော်လင့်စရာ နဲ့ ကစားစရာ အများကြီး ရှိပါသေးတယ်။ ကျွန်တော်တို့ စိတ်ဓါတ်ကျဖို့ အချိန်တောင် မရှိပါဘူး။ အနိုင်မရဘူး ဆိုရင် ခင်ဗျားတို့လည်း စိတ်ပျက်ကြပါလိမ့်မယ်”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။