ဒဏ်ရာ အခြေအနေ ကြုံတွေ့နေရတာကြောင့် ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်ကိုပါ ပါဝင်ကစားနိုင်ဖို့ မရေမရာ ဖြစ်နေရသူ မန်စီးတီး ကွင်းလယ်လူ ကီဗင်ဒီဘရိုင်းနားက အခုဆိုရင် လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ပြီဖြစ်လို့ လိဒ်စ်နဲ့ ပွဲစဉ်မှာပဲ ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။

Photo Credit : Marca

မန်စီးတီးအသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ဒီဘရိုင်းနားဟာ အာဆင်နယ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာပဲ အသင်းအတွက် ဂိုး(၂)ဂိုး သွင်းယူပေးခဲ့ပြီးနောက် ပွဲပြီးဆုံးခါနီးမှာ ဒဏ်ရာ ရရှိသွားခဲ့ရပါတယ်။ ဒီဒဏ်ရာကြောင့် ဒီဘရိုင်းနားဟာ ဖူလ်ဟမ် ဝက်စ်ဟမ်းအသင်းတို့နဲ့ ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ဆက်တိုက် လွဲချော်ခဲ့ရပြီး ရီးယဲလ်အသင်းနဲ့ ထိပ်တိုက် တွေ့ဆုံရမယ့် ချန်ပီယံလိဂ် ပွဲစဉ်အထိပါ လွဲချော်ရနိုင်တယ်လို့ သတင်းထွက်ခဲ့ပေမယ့် ဒီဘရိုင်းနားရဲ့ ဒဏ်ရာ အခြေအနေက အချိန်မြန် သက်သာလာနိုင်လို့ ရီးယဲလ်နဲ့ပွဲ မတိုင်ခင် လိဒ်စ်နဲ့ ပွဲမှာပါ ပြန်လည် ပါဝင်လာနိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : Managning Madrid

ဒီဘရိုင်းနားရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စီးတီးနည်းပြ ပက်ပ်ဂွာဒီယိုလာက “သူ မနေ့က လေ့ကျင့်ခန်း ပြန်ဆင်းတယ်။ အခြေအနေကောင်းပါတယ်။ ဒီနေ့လည်း သူ လေ့ကျင့်န်ိုင်လိမ့်မယ်။ ဒါကို ကြည့်ပြီး ကျွန်တော်တို့ ဆုံးဖြတ်ရလိမ့်မယ်။ သူက တစ်ပတ် ဒါမှမဟုတ် (၁၀)ရက်ခန့်လောက်အထိ အနားယူနေခဲ့ရတယ်။ ဒီရာသီမှာ ဒါက ပြသာနာ မဟုတ်ပါဘူး။ နာသန်အကီလိုပါပဲ။ တကယ်လို့ ကီဗင်သာ ကြံခိုင်နေမယ်ဆိုရင်တော့ သူ ကစားခွင့် ရနိုင်ပါမယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Mirror

ဆက်လက်ပြီး ဂွာဒီယိုလာက ဒီနေ့ လိဒ်စ်နဲ့ ပွဲစဉ်မှာ အသင်းရဲ့ ကွင်းလယ်လူ ရိုဒရီဂိုကို အနားပေးသွားမလားဆိုတာ မဆုံးဖြတ်ရသေးပဲ လေ့ကျင့်ရေး အစီအစဉ်တွေကို သေချာ ကြည့်ပြီးမှသာ ဆုံးဖြတ်နိုင်မယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် ဝက်စ်ဟမ်းနဲ့ပွဲမှာ အရန်ကစားသမားအဖြစ်သာ ပါဝင်ခဲ့သူ ဂိုးသမား အီဒါဆန်က လိဒ်စ်နဲ့ ပွဲမှာ ပြန် ကစားလာနိုင်တယ်လို့ ဂွာဒီယိုလာက ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။