MySport Myanmar

စီးတီးနဲ့ လမ်းခွဲတော့မယ့် ဒီဘရိုင်းက အင်္ဂလန်မှာပဲ ဆက်နေသွားဖို့ ရှိနေ

မန်ချက်စတာ စီးတီးအသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ကစားသမားကြီး ကီဗင် ဒီဘရိုင်းဟာ ဒီရာသီအကုန်မှာ မန်စီးတီးနဲ့ သူ့ရဲ့စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပေမယ့်လည်း အင်္ဂလန်မှာပဲ ဆက်လက် နေထိုင်သွားနိုင်မလားဆိုတဲ့ မေးခွန်းကိုလည်း ငြင်းဆိုခြင်း မရှိခဲ့ပါဘူး။

အသက်(၃၃)နှစ်အရွယ် ကစားသမားဟာ နော်ဝေသတင်းထောက် ဂျန် အာဂီ ဖျော်တော့ဖ်နဲ့ သူ့ရဲ့ အနာဂတ်အကြောင်း ပြောဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ကစားသမားဘဝမှာ ကျန်ရှိနေတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါ ဒီဘရိုင်းက အင်္ဂလန်မှာ ဆက်နေဖို့ အပါအဝင် ဘယ်လို ကမ်းလှမ်းမှုမျိုးကိုမဆို လက်ခံနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

Photo Credit : SportPesa

ဖျော်တော့ဖ်ကို ပြောကြားရာမှာ ဒီဘရိုင်းက “စိန်ခေါ်မှုဆိုတာ အမြဲရှိတာပဲလေ။ လာမယ့်ရာသီမှာ ဘာဖြစ်လာမယ်ဆိုတာ ကျွန်တော် မသိသေးဘူး။ အသင်းတွေက လာပြီး သူတို့မှာ ကောင်းမွန်တဲ့ အားကစားစီမံကိန်းရှိတယ်ဆိုတာကို ကျွန်တော့်ကို ယုံကြည်အောင် လုပ်နိုင်မယ်ဆိုရင်ပေါ့။ ကျွန်တော် အခု အရမ်းငယ်တော့တာ မဟုတ်ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် အမြင့်ဆုံးအဆင့်မှာ ကစားနိုင်စွမ်း ရှိနေသေးတယ်လို့ ထင်ပါတယ်။”

“ဘယ်အသင်းတွေ စိတ်ဝင်စားလဲ ဒါမှမဟုတ် သူတို့ ဘာလုပ်ချင်လဲဆိုတာ ကျွန်တော် မသိပါဘူး။ ရနိုင်တဲ့ ဘယ်စီမံကိန်းမဆို ကျွန်တော် နားထောင်ဖို့ ဆန္ဒရှိပါတယ်။ ကျွန်တော် ဘောလုံးကို ချစ်တယ်။ ဘောလုံးကစားရတာကို ချစ်တယ်။ ကောင်းမွန်တဲ့ စီမံကိန်းတစ်ခု ရလာပြီး ကျွန်တော့်မိသားစုလည်း အဲဒါကို သဘောတူတယ်ဆိုရင် ကျွန်တော်တို့ ဆုံးဖြတ်ချက်တစ်ခု ချနိုင်မှာပါ။” လို့ ပြောကြားခဲ့ပါတယ်။

Photo Credit : beIN SPORTS

အင်္ဂလန်မှာ သူ့ရဲ့ ကစားသမားဘဝ ပြီးဆုံးသွားပြီလားလို့ မေးမြန်းလာတဲ့အခါ ဒီဘရိုင်းက “ကျွန်တော် မသိဘူး။ တကယ်ပြောတာ ကျွန်တော် မသိဘူး။ ထွက်ခွာဖို့ ဆုံးဖြတ်ချက်က မကြာသေးဘူး။ ဘောလုံးလောကမှာ တစ်ပတ်အတွင်း ဘာကိုမှ ဆုံးဖြတ်လို့ မရပါဘူး။ ဆုံးဖြတ်ချက်ချပြီးကတည်းက ကျွန်တော့်မိသားစုကို မတွေ့ရသေးဘူး။ သူတို့နဲ့ စကားပြောရမယ်။ ပြီးမှ ဘယ်အသင်းက ကျွန်တော့်ကို လိုချင်လဲဆိုတာကို ကြည့်မယ်။ ဒါကြောင့် ကျွန်တော် မသိဘူး။ ဘာမှ မသိဘူး။” လို့ ပြန်ဖြေခဲ့ပါတယ်။

ဒီဘရိုင်းဟာ ဒီသီတင်းပတ် အစောပိုင်းမှာ (၁၀)ရာသီကြာ ကြာမြင့်ခဲ့တဲ့ သူရဲ့ မန်စီးတီး ကစားသမားဘဝကို အခုဘောလုံးရာသီအကုန်မှာပဲ အဆုံးသတ်တော့မှာဖြစ်ကြောင်းနဲ့ မန်စီးတီးကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်းတို့ကို တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒီဘရိုင်းဟာ စီးတီးနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံဆု (၆)ကြိမ် ချန်ပီယံလိဂ်ဖလား (၁)ကြိမ်နဲ့ PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု (၂)ကြိမ် ရရှိခဲ့ပါတယ်။

Exit mobile version