လာမယ့် နိုဝင်ဘာလ(၂၉)ရက်နေ့မှာ ကျင်းပပြုလုပ်သွားမယ့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (ဘာလွန်းဒေါဆု)အတွက် ဒီဆုကို အကြိမ်ပေါင်းများစွာ ပိုင်ဆိုင်ထားခဲ့ကြတဲ့ လီယွန်နယ်မက်ဆီ ခရစ္စတီယာနိုရော်နယ်လ်ဒိုတို့အပြင် မန်စီးတီးအသင်းဖော်တွေဖြစ်တဲ့ စတာလင် ဒီယက်စ် ဖိုဒန် မာရက်ဇ်တို့ထက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်ကစားသမား လီဝန်ဒေါစကီးကသာ ဒီဆုကို ပိုင်ဆိုင်သင့်တယ်လို့ မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းနားက သုံးသပ်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : SPORTbible

France Football Magazine ကနေ စီစဉ်ကျင်းပနေကြဖြစ်တဲ့ ဘာလွန်းဒေါဆုကို အာဂျင်တီးနားကြယ်ပွင့် မက်ဆီက (၆)ကြိမ်နဲ့ အကြိမ်ရေအများဆုံး ဆွတ်ခူးထားတာဖြစ်ပြီး လာမယ့် ဆုပေးပွဲမှာလည်း မက်ဆီကသာ (၇)ကြိမ်မြောက်အဖြစ် ထပ်မံပိုင်ဆိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်လို့နေပါတယ်။ ဒါပေမယ့် မန်စီးတီးအသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ကစားသမားဖြစ်သူ ဒီဘရိုင်းနားကတော့ မက်ဆီ ရော်နယ်လ်ဒိုတို့ထက် ပိုလန်တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးကသာ ၂၀၂၁ခုနှစ်ရဲ့ ဘာလွန်းဒေါဆုကို ဆွတ်ခူးဖို့ အထိုက်တန်ဆုံး ဖြစ်တယ်လို့ မှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်။

Photo Credit : The Sun

ဒီဘရိုင်းနားက “ဒီဆုကို ကျွန်တော်ကိုယ်တိုင်သာ ရွေးချယ်ရမယ်ဆိုရင်တော့ လွန်ခဲ့တဲ့ (၂)နှစ်တာကာလကို ပြန်လည်ကြည့်ရှုသွားမယ်။ ပြီးခဲ့တဲ့ (၂)နှစ်တာကာလအတွင်း ဆောင်ရွှက်ခဲ့တာတွေနဲ့ပတ်သက်ပြီး လီဝန်ဒေါစကီးကိုပဲ ရွေးချယ်သွားချင်ပါတယ်။ သူက ဂိုးသွင်းစွမ်းရည်လည်း ထက်မြက်တယ်။ ဘိုင်ယန်မြူးနစ်အသင်းနဲ့လည်း အောင်မြင်မှုတွေလည်း ရယူနိုင်ခဲ့တယ်။ အဲ့ဒါကြောင့် သူက ကျွန်တော်ရွေးချယ်သွားမယ့်လူ ဖြစ်ပါလိမ့်မယ်” လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ အသက်(၃၃)နှစ်အရွှယ်ရှိ ပိုလန်လက်ရွေးစင် တိုက်စစ်ကစားသမား လီဝန်ဒေါစကီးဟာ ၂၀၂ဝခုနှစ် ဘာလွန်းဒေါဆုကို ဆွတ်ခူးဖို့ ရေပန်းအစားဆုံး အခြေအနေထိ ရောက်ရှိခဲ့ရပေမယ့်လည်း ဆုပေးပွဲ စီစဉ်သူတွေက ကိုဗစ်-၁၉ဂယက်ကြောင့် ဆုပေးပွဲကို မကျင်းပခဲ့တာကြောင့် လီဝန်ဒေါစကီးအနေနဲ့ နစ်နာခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း ဘိုင်ယန်အသင်းအတွက် ပွဲပေါင်း(၄၀) ပါဝင်ခဲ့ရာ သွင်းဂိုးစုစုပေါင်း (၄၈)ဂိုးအထိကို သွင်းယူထားနိုင်ခဲ့တာကြောင့် ၂၀၂၁ ဘာလွန်းဒေါဆုအတွက် ရေပန်းစားသူစာရင်းမှာ ထပ်မံပါဝင်လာခဲ့ရတာ ဖြစ်ပါတယ်။