ဘယ်ဂျီယံအသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်တဲ့ ကယ်ဗင်ဒီဘရိုင်းနားဟာ မန်စီးတီးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြတဲ့ ဥရောပချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်အတွင်းမှာ မျက်နှာကို ထိခိုက်မိခဲ့လို့ ပွဲကို ဆက်လက်မကစားနိုင်တော့ပဲ လူစားလဲခဲ့ရတဲ့အပြင် အခုလည်း ဒီဒဏ်ရာအခြေအနေကြောင့် ရုရှားအသင်းနဲ့ ရင်ဆိုင်ရမယ့် ယူရို-၂၀၂၀ အဖွင့်ပွဲစဉ်ကိုပါ လွဲချော်ရတော့မယ်လို့ ဘယ်ဂျီယံလက်ရွေးစင်အသင်း နည်းပြမာတီနက်ဇ်က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

Photo Credit : Sky Sport

အသက်(၂၉)နှစ်အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် ကွင်းလယ်ဖန်တီးရှင်ကစားသမား ဒီဘရိုင်းနားဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာ ချယ်လ်ဆီးနောက်ခံလူ ရူဒီဂါနဲ့ ထိခိုက်မိရင်း မျက်လုံး နှာခေါင်းတွေမှာ ဒဏ်ရာတွေ ရသွားခဲ့တာဖြစ်ပြီး ဒီဒဏ်ရာအခြေအနေက ခွဲစိတ်ကုသဖို့ မလိုအပ်ပေမယ့်လည်း ဒဏ်ရာကြောင့် ရက်အနည်းငယ် ထပ်မံအနားယူဖို့ လိုအပ်နေသေးတာကြောင့် ရုရှားအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ယူရိုအဖွင့်ပွဲကို လွဲချော်ရမှာဖြစ်တယ်လို့ ဘယ်ဂျီယံနည်းပြ ရောဘတ်တိုမာတီနက်ဇ်က ထုတ်ပြန်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

ဒီဘရိုင်းနားရဲ့ ဒဏ်ရာနဲ့ပတ်သက်ပြီး မာတီနက်ဇ်က “ဒီဘရိုင်းအနေနဲ့ ယူရိုအဖွင့်ပွဲမှာ ပါဝင်ကစားဖို့အတွက် ကြံခိုင်မှု ပြည့်ဝနေမှာ မဟုတ်လို့ သူရဲ့နေရာမှာ ကစားသမားတစ်ယောက်ကို ထည့်သွင်းသွားရမှာဖြစ်လို့ ဒီကစားသမားကလည်း သူဒီနေရာကို ဝင်ရောက်ကစားဖို့ အဆင့်သင့်ဖြစ်နေပြီဆိုတာကို ပြသရပါလိမ့်မယ်။ နောက်ပြီး ကျွန်တော်တို့တွေ သူ့ကို မျက်နှာဖုံးတပ်ပြီး ကစားစေဖို့ကိုလည်း ဆုံးဖြတ်ထားပါတယ်။ ယန်းဗာတွန်ဂန်အတွက် မျက်နှာဖုံးလုပ်ဆောင်ပေးခဲ့သူက စီစဉ်ပေးမှာပါ။ အဲ့ဒီတုန်းကလည်း ဗာတွန်ဂန်အနေနဲ့ ကစားရတာ သက်တောင့်သက်သာ ရှိခဲ့ရလို့ ကျွန်တော်တို့အတွက် စိတ်ကျေနပ်စေခဲ့ရတယ်။ လာမယ့်တစ်ပတ်လောက်အထိတော့ ကယ်ဗင်အနေနဲ့ ဘယ်ပွဲလောက်မှ စတင်ကစားပေးနိုင်မလဲဆိုတာကို သိရှိရနိုင်ဦးမှာ မဟုတ်ပါဘူး။ သူက ယူရိုပြိုင်ပွဲအတွက် အဆင့်သင့်ဖြစ်နေပြီဆိုပေမယ့် ဘယ်အချိန်လောက်မှ သူ့ကို အသုံးပြုရမလဲဆိုတာကတော့ ဆေးအဖွဲ့ရဲ့ ခွင့်ပြုချက်အပေါ်မှာလည်း မူတည်ပါတယ်။ လောလောဆယ်ကတော့ သူ့ကို အနားယူခိုင်းထားပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဘယ်ဂျီယံအသင်းဟာ ရုရှား ဒိန်းမတ် ဖင်လန်အသင်းတွေနဲ့ ယူရိုပြိုင်ပွဲ အုပ်စု(B) မှာ ကျရောက်လို့နေပြီး အုပ်စုအတွင်းမှာ အင်အားကြီးဆုံး အသင်းဖြစ်နေတာကြောင့် အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်ဖို့ အခြေအနေကောင်းနေပါတယ်။