အီတလီ စီးရီးအေ နာမည်ကြီးကလပ် အေစီမီလန်အသင်းရဲ့ အဓိက ကွင်းလယ်လူ ကတ်ဆီးဟာ အေစီမီလန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပါက အင်္ဂလန် ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေဆီ ပြောင်းရွှေ့ ကစားဖို့ မျက်စိကျနေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၄နှစ် အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင် ကွင်းလယ်လူ ဖရန့် ကတ်ဆီးဟာ အေစီမီလန်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး အသင်းနဲ့ စာချုပ်သစ်သာ ထပ်မံ ချုပ်ဆိုခြင်း မရှိပါက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းနိုင်မယ့် ကစားသမား တဦးလည်း ဖြစ်ပါတယ်။

Photo Credit: Metro

ကတ်ဆီးဟာ ကြံ့ခိုင်မှု ကောင်းမွန်သလို ကွင်းလယ်ခံစစ် ၊ ဗဟိုကွင်းလယ် စတဲ့ ကွင်းလယ်နေရာစုံမှာ ကစားနိုင်စွမ်း ရှိကာ ဘယ်ခြေရော ၊ ညာခြေပါ အားသန်သူ ဖြစ်တာကြောင့် သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြား ရှိနေပြီး အဆိုပါအသင်းတွေထဲမှာ ပရီးမီးယားလိဂ် အင်အားကြီးကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့လည်း ပါဝင်နေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Minသတင်းဌာနရဲ့ ဖော်ပြချက်အရ ကတ်ဆီးဟာ အေစီမီလန်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အခွင့်အလမ်း နည်းပါးနေသလို စီးရီးအေ အင်အားကြီးအသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းဟာ ကတ်ဆီးကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ချဉ်းကပ်နေပေမယ့် ကတ်ဆီးကတော့ စိန်ခေါ်မှုအသစ် တခုအနေနဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ဆီသာ ပြောင်းရွှေ့ ကစားဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

Photo Credit: Metro

ကတ်ဆီးဟာ အတ္တလန်တာအသင်းမှာ ကစားစဉ်ကတည်းက ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ ကစားချင်ကြောင်း လူသိရှင်ကြား ဝန်ခံထားသူ တဦး ဖြစ်ပြီး သူ့ရဲ့ ငယ်ဘဝ အိမ်မက်အသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်း ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူ့ကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။