စပိန်လာလီဂါအသင်းတစ်သင်းဖြစ်တဲ့ ဘီဘာအိုအသင်းကနေ ပရီးမီးယားလိဂ်ထိပ်သီး အသင်းတစ်သင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းထံကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂိုးသမား ကီပါကတော့ ယခုနှစ် ဘောလုံးရာသီအကုန်မှာ အသင်းပြောင်းဖို့ စတင် လုပ်ဆောင်နေပြီလို့ လန်ဒန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။ အသက် ၂၅နှစ်အရွယ် ကီပါဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကတည်းက ချယ်လ်ဆီးအသင်းရဲ့ ပထမဂိုးသမားနေရာကို ရယူထားနိုင်သူဖြစ်ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေမှာတော့ အရန်ခုံမှာသာ ထိုင်နေရသူပါ။

Photo Credit: Football London.com

ချယ်လ်ဆီးအသင်းရဲ့ အရေးအကြီးဆုံး ပွဲတွေလို့ ပြောရမယ့် လက်စတာ ၊ စပါး ၊ မန်ယူ ၊ ဘိုင်ယန်မြူးနစ်စတဲ့ ပွဲစဉ်တွေမှာ အသင်းရဲ့ လူစာရင်းမှာ ပါဝင်ခွင့်မရတော့တဲ့နောက် ချယ်လ်ဆီးအသင်းမှာ ကီပါရဲ့အနာဂတ်ဟာ မရေမရာဖြစ်လာပြီလို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ထားကြပြီး လက်ရှိမှာတော့ ကီပါနဲ့ နီးစပ်သူတွေကပါ အဆိုပါကိစ္စကို ဖွင့်ဟမှုတွေ ပြုလုပ်လာကြပါတယ်။ ကီပါနဲ့ နီးစပ်သူတွေရဲ့အဆိုအရ ကီပါဟာ ချယ်လ်ဆီးအသင်း နည်းပြ လမ်းပတ်နဲ့ ဆက်ဆံရေး မပြေလည်ဘူးလို့ သိရပြီး လမ်းပတ်ရဲ့ သူ့ကို လူစာရင်းကနေ ချန်လှပ်ခဲ့တဲ့ အကြောင်းပြချက်ဟာလည်း မလုံလောက်ဘူးလို့ ယူဆနေကြောင်း သိရပါတယ်။

Photo Credit: Standard.com

ချယ်လ်ဆီးအသင်း နည်းပြလမ်းပတ်ကတော့ ကီပါရဲ့အရည်အချင်းကို သူယုံကြည်ပေမယ့် အသင်းမှာတော့ ကစားသမားတိုင်းကို ပျော်နေအောင် လုပ်ဆောင်နိုင်မှာမဟုတ်ကြောင်းနဲ့ အသင်းရဲ့ ရလဒ်တွေကောင်းမွန်ဖို့သာ အဓိက ထားပြီး လုပ်ဆောင်နေကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။ လတ်တလော ထွက်ပေါ်နေတဲ့သတင်းတွေအရ ချယ်လ်ဆီးအသင်းဟာ ကီပါရဲ့နေရာကို အစားထိုးဖို့အတွက် ဂိုးသမားတွေကို စတင်ရှာဖွေနေပြီး အေစီမီလန်အသင်းရဲ့ ဂိုးသမား ဒွန်နာရမ်မာ ၊ အက်သလက်တီကိုအသင်းရဲ့ ဂိုးသမား အော့ဘလက် ၊ မန်ယူအသင်းရဲ့ လူငယ်ဂိုးသမား ဟန်ဒါဆန် ၊ အဲဗာတန်အသင်းရဲ့ ဂိုးသမား ပစ်ဖို့ တို့ကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သိရှိရပါတယ်။